Pages

Tuesday, December 31, 2013

၂၀၁၄ ကားဈေးကွက်နှင့် အနာဂတ်လားရာ

၂၀၁၃ ခုနှစ် တစ်နှစ်တာလုံး အရောင်းအ၀ယ်အေးစက်မှုဖြင့် အဆုံးသတ်ခဲ့သည့် ပြည်တွင်းကားဈေး ကွက်သည် လာမည့် ၂၀၁၄ တွင်လည်း အရောင်းအ၀ယ် ဆက်လက်နှေးကွေးဦးမည်ဖြစ်ကြောင်း ကားအရောင်းစင်တာလုပ်ငန်းရှင်များနှင့် ပြင်ပ၀ယ်ရောင်းဈေးကွက်လုပ်ကိုင်သူများက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က သုံးသပ် ပြောကြားလိုက်သည်။

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကားမော်ဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပေးလိုက်ပြီးနောက် CIF (တင်သွင်းခွန် ပေးဆောင်ရန် ရာဖြတ်သတ်မှတ်ဈေး) နှုန်းထားကျဆင်းမည်ဆိုသည့်အပေါ် စိုးရိမ်ကာ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ငြိမ်သက်နေသည့်ကားဈေးကွက်သည် အနည်းငယ် ပြန်လည်လှုပ်ခတ်နေ သော်လည်း ပြည်တွင်းဈေးကွက်၏လိုအပ်ချက် (အဓိက ရန်ကုန်မြို့၏) ပြည့်မီပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် တွင်လည်း (တစ်နှစ်တာကာလ ရေတိုအနေအထား) အရောင်းအ၀ယ် တိုးတက်ဖွယ်မရှိဟု ကျွမ်းကျင် သူတွေက ဆက်လက်ပြောကြားပါသည်။

သီရိမင်္ဂလာဈေးဟောင်းကားရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ဝယ်ရောင်း ဦးကျော်နိုင်က “လာမည့်နှစ်ဈေး ကွက်အခြေအနေကတော့ ပြောင်းလဲမှု အရမ်းကြီးမရှိနိုင်ဘူး။ ခပ်အေးအေးသွားမှာပဲ။ ရန်ကုန် အနေ အထားအရ ကားဝယ်နိုင်တဲ့သူ တော်တော်များများက ၀ယ်ထားပြီးသားဖြစ်နေတော့လေ ဈေးကွက်က သိပ်ပြီး အပြောင်းအလဲမရှိနိုင်ဘူး။ လေလံဈေးကွက်မှာ ထိုးကျတာ ပေါ်လစီပြောင်းတာမျိုးရှိလာရင် တော့ပြောင်းနိုင်တာပေါ့”ဟု ပြောသည်။

ကားဈေးကွက်ရဲ့ လက်ရှိအလှုပ်အရှား

မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီ၏ ဒီဇင်ဘာ ၁၉ ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ကားတင် သွင်းခွင့်ဆိုင်ရာ မော်ဒယ်သတ်မှတ်ချက်များကို ပြောင်းလဲအတည်ပြုလိုက်သော်လည်း ကားဈေးကွက် အတွင်း အရောင်းအ၀ယ်အများဆုံးဖြစ်သည့် တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းသော 1300CC ကားများမှာ မူ CIF တန်ဖိုး ကန်ဒေါ်လာ ၅,၀၀၀ ဖြင့်သာ ယခင်အတိုင်းဆက်လက်ရှိနေရာ အရောင်းအ၀ယ်မှာ လည်း အေးစက်သည့် ၀ယ်လိုအားအဖြစ် ဆက်ရှိနေကြောင်း ယင်းတို့ကပြောသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် အိုဟောင်းယာဉ်ပါမစ်ဖြင့် တင်သွင်းသည့်ကားများကို ၁၉၉၇ ခုနှစ် မော်ဒယ်မှ ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းပေးခဲ့ရာမှ ယခုနှစ်တွင် အိုဟောင်းယာဉ်အပ်နှံမှုဖြင့် တင်သွင်း သည့်ကားများကို ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိနှင့် တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်း သည့်ကားများကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်မော်ဒယ်များအထိ တိုးမြှင့်တင်သွင်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဦးကျော်နိုင်က “၀ယ်သူများတဲ့1300CC ကားတွေကCIF တန်ဖိုး မပြောင်းဘူးဆိုတော့ ဈေးတွေကလဲ အရင်အတိုင်းပဲရှိနေတာ။ အခု နည်းနည်းပြန်လှုပ်တယ်ဆိုတာက သို့လော သို့လော သတင်းတွေစောင့် နေကြတဲ့သူတွေက အရောင်းအ၀ယ်လေးပြန်လုပ်တာပါပဲ” ဟု ပြောသည်။

အရောင်းစင်တာများ၏ အနာဂတ်

ကားအရောင်းစင်တာ (Show Room) များအနေဖြင့်လည်း ဈေးကွက်ဝယ်လိုအား အေးစက်မှုအနေ အထားနှင့် CIF နှုန်းထား ကျဆင်းမှုသည်လည်း ၀ယ်လိုအားနည်းသည့်ကားများသာဖြစ်ရာ ကားသစ် တင်သွင်းမှုများကိုရပ်ဆိုင်းကာ ယခင်ဝယ်ယူထားသည့် ကားများကိုသာ ဆက်ရောင်းနေခြင်းဖြစ်သည်။

Farmer Auto ကားအရောင်းစင်တာမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းက “ဈေးကွက်ကိုကြည့် လိုက်ရင် ၀ယ်လိုအားက ပြည့်သလောက်ဖြစ်နေပြီ။ အသစ်ထပ်သွင်းပြီးရောင်းဖို့ဆိုတာထက် Show Room မှာတင်ထားတဲ့ကားတွေကိုပဲ ကုန်အောင်ဆက်ရောင်းဖို့လုပ်နေရတယ်။ ပုံမှန်လောက်တော့ ရောင်းနေရပေမယ့် အရောင်းအ၀ယ် အရမ်းကြီးတက်လာဖို့တော့ သိပ်မလွယ်လောက်ဘူး” ဟု ပြော သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကလည်း သက်ရောက်မှုရှိနိုင်

ကားဈေးကွက်အရောင်းအ၀ယ် အေးစက်နေခြင်းတွင် စီးပွားရေးနှေးနေခြင်းကလည်း အချက်တစ်ချက် အဖြစ် ပါဝင်နေခြင်းဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာ၍ စီးပွားရေးသွက်လာပါက (ရေ ရှည်ကာလတွင်) ဈေးကွက်အလားအလာမှာ ပြန်ကောင်းလာနိုင်ခြေရှိကြောင်း ရောင်နီဦး ကားအရောင်း စင်တာမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းကပြောသည်။

ဦးအောင်ဝင်းက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာလို့ စီးပွားရေးတိုးတက်လာတယ်ဆိုရင်တော့ အရောင်းအ၀ယ် အားကောင်းလာနိုင်တဲ့အနေအထားတော့ ရှိတာပေါ့” ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေးပိုင်းက ဖိအားတစ်ရပ်

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ကားများအနေဖြင့် ရန်ကုန်မြို့တွင်သာ စုပြုံနေခြင်းဖြစ်၍ ရန်ကုန်လိုအပ် ချက်ပြည့်မီပြီဟု ယျေဘုယျအားဖြင့် ဆိုနိုင်သော်လည်း အခြားသောဒေသများတွင် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ရာ လမ်းတံတား ဆက်သွယ်ရေး ကောင်းမွန်လာပါက နယ်ဒေသများ၏ ၀ယ်လိုအားတိုး လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားသည်။
ယင်းက “ရန်ကုန်မှာ ကားပိုင်ဆိုင်မှုက ၀ယ်နိုင်တဲ့သူနဲ့ ပြည့်သလောက်ဆိုပေမယ့် နယ်တွေမှာက အများ ကြီးလိုနေသေးတယ်။ဈေးတွေကလည်း ကျနေတော့ အေးနေတယ်ဆိုပေမယ့် ၀ယ်လိုအားကတော့ ရှိ နေဦးမှာပေါ့” ဟုပြောသည်။

ကားအသစ်ဈေးကွက် နေရာရလာနိုင်

လက်ရှိပြည်တွင်းကားဈေးကွက်အနေအထားသည် တစ်ပတ်ရစ်ကားများ တင်သွင်းရောင်းချသည့် ဈေး ကွက်သည် ၀ယ်လိုအားလေးလံသည့် အခြေအနေဖြင့်ရှိနေပြီး မာစီဒီး၊ ဖို့စ်ကဲ့သို့သော နာမည်ရ အမှတ် တံဆိပ်များ၏ ကားအသစ်များကို တင်သွင်းရောင်းချခြင်းနှင့် ကားပြုပြင်ထိန်းသိမ်းသည့် Work Shop လုပ်ငန်းများကို ရင်းနှီးသူများ ပိုမိုများပြားလာလျက်လည်း ရှိသည်။
Cycle & Carriage Automobile ကုမ္ပဏီမှ အရောင်းဌာနအကြီးအကဲ ဦးအောင်သက်လွင်က “Used Car(အသုံးပြုပြီး တစ်ပတ်ရစ်ကား)ဈေးကွက်က မြန်မာနိုင်ငံအနေနဲ့ကြည့်ရင်တော့ ပိုပြီးအားကြီးတယ် ဆိုပေမယ့် နောက်ပိုင်းမှာတော့ အသစ်တွေကိုဝယ်စီးတဲ့ဈေးကွက်နဲ့ Used Carတွေကိုဝယ်စီးတဲ့ဈေး ကွက်နှစ်ခုဖြစ်လာမှာပါ။ ထိန်းသိမ်းပြုပြင်တဲ့ လုပ်ငန်းတွေကတော့ ပိုအားသာချက်ရှိတာပေါ့” ဟု မာစီဒီး ကား အရောင်းစင်တာဖွင့်ပွဲတွင် မဇ္ဈိမကို ပြောသည်။
လတ်တလော ပြည်တွင်းဈေးကွက်အတွင်း အရောင်းဝယ်ရှိနေသည့် ကားများမှာ အင်ဂျင်ပါဝါ1300CC ကားများဖြစ်သည့် ဈေးနှုန်း ကျပ်သိန်း ၁၀၀ နှင့် ကျပ်သိန်း ၁၄၀ ၀န်းကျင်ကားများဖြစ်သောFit, Vit, Bataနှင့်Pro box ကားများဖြစ်ကြောင်း ယင်းတို့ကဆိုသည်။
Written by ထင်လင်းအောင်/မဇ္ဈိမ

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးကဏ္ဍ အလှုပ်အယမ်း

ကုန်ဆုံးသွားတဲ့ ၂၀၁၃ ခုနှစ်ရဲ့ ဆက်သွယ်ရေးကဏ္ဍကို ပြန်လှည့်ကြည့်မယ်ဆိုရင် အပြောင်းအလဲတွေ တော်တော်များများ တွေ့မြင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မျှော်လင့်မထားတဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်း တွေချပေးခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍမှာလည်း အပြောင်းအလဲတွေ တော်တော်များများလုပ်ခဲ့တဲ့နှစ်လို့ ဆိုနိုင်ပါတယ်။

ကျပ် ၁၅၀၀တန် မိုဘိုင်းဆင်းမ်ကတ်

၂၀၁၃ ခုနှစ်ရဲ့ အဓိကအပြောင်းအလဲတွေထဲက တစ်ခုက လူတိုင်းမျှော်လင့်မထားတဲ့ဈေးနှုန်းနဲ့ ဖုန်း ကတ်တွေချထားပေးခဲ့တာဖြစ်ပါတယ်။ အများစုက ကျပ် ၅၀၀၀ တန်ဖုန်းတွေကို တောင်းဆိုခဲ့တဲ့ အချိန် မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အများမထင်ထားတဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို ချပေးလိုက်တာဖြစ်ပါတယ်။

ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို ဧပြီ ၂၄ ရက်က စတင်ချထားပေးခဲ့တာဖြစ်ပြီး ပြည် နယ်နှင့် တိုင်းဒေသကြီးအစိုးရများအစီအစဉ်နဲ့ ချထားပေးခဲ့တာ ဖြစ်ပါတယ်။ ချထားပေးတဲ့ အလုံးအရေ အတွက်က တစ်လအလုံးသုံးသိန်းခွဲဝန်းကျင်ဖြစ်ပြီး ဖုန်းကတ်တွေကို ရပ်ကွက်ရုံးများကတစ်ဆင့် မဲဖောက်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

၁၅၀၀ တန် ဖုန်းကတ်တွေ ထွက်ပေါ်လာခြင်းမှာ ပြည်သူတွေအကြား အဆင်ပြေမှုတွေရှိတယ်ဆိုပေ မယ့် မလောက်မငနဲ့ မဲပေးရောင်းချတဲ့စနစ်အပေါ်မှာ ဝေဖန်သံတွေထွက်လာပါတယ်။

အချို့နေရာတွေမှာ မဲစနစ်မသမာမှုတွေရှိခဲ့တာလည်း သတင်းတွေထွက်ခဲ့ပြန်ပါတယ်။ ဒါတင်မက ကျပ် ၁၅၀၀ အဖြစ် တရားဝင်သတ်မှတ်လိုက်တဲ့ ဖုန်းကတ်ဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ အဆ ၁၀၀ နည်း ပါးအထိ အရောင်းအ၀ယ်ဖြစ်နေခြင်းတွေကလည်း တန်ဖိုးနည်းဖုန်းတွေရဲ့ အကျည်းတန်ဈေးကွက် တစ်ခုအဖြစ် ထူးထူးခြားခြား ထင်ကျန်ခဲ့ပြန်တယ်။

မိုဘိုင်းဖုန်းအော်ပရေတာ ရွေးချယ်ခြင်း

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကသာ ၀န်ဆောင်မှုပေးခဲ့တဲ့ မိုဘိုင်းဖုန်းနှင့်ဆက်စပ်သည့်လုပ်ငန်းများကို အော်ပရေတာများနဲ့ ၀န်ဆောင်မှုပေးရန် စီစဉ်ပြီးနောက်ပိုင်း အော်ပရေတာလေးခုကို ၀န်ဆောင်မှုပေးရန် ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

ဝန်ဆောင်မှုပေးရာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအသွင် ပြောင်းပြီး အော်ပရေ တာအဖြစ် ၀န်ဆောင်မှုပေးမယ့်အပြင် ၀န်ကြီးဌာနပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ရတနာပုံတယ် လီပို့ ကုမ္ပဏီကိုလည်း အများပိုင်အဖြစ် ပြောင်းလဲပြီး အော်ပရေတာအဖြစ် ၀န်ဆောင်မှုပေးမှာဖြစ်ပါ တယ်။

ယင်းအပြင် အခြားပြည်တွင်း၊ ပြည်ပအော်ပရေတာနှစ်ခုကလည်း ၀န်ဆောင်မှုပေးမည်ဖြစ်ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်က လုပ်ကိုင်လိုသည့်ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပါတယ်။ ယင်းနောက် တင်ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့က တင်ဒါရွေးချယ်မှုကို အဆင့်ဆင့်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်မှာ တင်ဒါအောင်တဲ့ ကုမ္ပဏီနှစ်ခုကို ကြေညာခဲ့ရာ နော်ဝေနိုင်ငံအခြေစိုက်တယ်လီနော (Telenor) နဲ့ ကာတာနိုင်ငံအခြေစိုက် အူရီးဒူး (Ooredoo) တို့ကို ရွေးချယ်ခဲ့ပါတယ်။

ရွေးချယ်ခံကုမ္ပဏီများအနေနဲ့ အော်ပရေတာလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိပါက အဆင်သင့်ဖြစ်စေရန် ၀န်ထမ်းခေါ်ယူမှုများ၊ ရုံးခန်းဖွင့်လှစ်ခြင်းများကို စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်း

ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ ဆက်သွယ်ရေးဥပဒေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိမှာတော့ နည်းဥပဒေကို ဆက်လက်ရေးဆွဲနေပြီဖြစ်ပါ တယ်။ လာမယ့် ၂၀၁၄ နှစ်ဆန်းပိုင်းမှာ နည်းဥပဒေအတည်ပြုသွားမယ်လို့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၁၅ အတွက် မိုဘိုင်းဖုန်း သိပ်သည်းဆ မျှော်မှန်းချက်

လာမယ့် ၂၀၁၅ ခုနှစ်မှာ မိုဘိုင်းဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ဆောင်ရွက်သွား မယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ပြောကြားထားပြီး မိုဘိုင်း ဖုန်းလိုင်းအင်အားတိုးချဲ့ခြင်းများကိုလည်း ဆောင်ရွက်နေပါပြီ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်းစီမံကိန်းအနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ မိုဘိုင်းလိုင်းအင်အားလေးသန်း၊ ၂၀၁၄-၂၀၁၅ မှာ မိုဘိုင်းလိုင်းအင်အား ငါးသန်းနဲ့ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း မိုဘိုင်းအင်အားငါးသန်း တိုးချဲ့ရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

နိုဝင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းလိုင်းအင်အား ၆ ဒသမ ၂၈ သန်း ရှိနေပြီ ဖြစ်ပေမယ့် မိုဘိုင်းဖုန်းသိပ်သည်းဆက ၁၀ ရာခိုင်နှုန်းကျော်သာဖြစ်ပါတယ်။ ဒီအရေ အတွက်ဟာ တစ်နိုင်ငံလုံးနဲ့တွက်ရင် အိမ်ထောင်စုတစ်စု မိုဘိုင်းဖုန်းတစ်လုံး မသုံးနိုင်သေးတဲ့အနေ အထားဖြစ်တယ်လို့လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် ရရှိထားတဲ့ကုမ္ပဏီတွေအနေနဲ့ ၎င်းတို့ပေးမယ့် ၀န် ဆောင်မှုတွေကို ထုတ်ဖော်ပြောကြားထားရာမှာ တယ်လီနောက ဖုန်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်လို့ ဆိုပါတယ်။ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အရောင်းဆိုင်အရေအတွက် ၁၀၀,၀၀၀ ၀န်းကျင်ထားရှိသွားမယ်လို့လည်း ပြောကြားထားပါတယ်။ အူရီးဒူးကုမ္ပဏီကလည်း ပြည်တွင်းမှာ 3G ကွန်ရက်ရရှိအောင် ၀န်ဆောင်မှုပေးသွားမှာဖြစ်ပြီးလာမယ့် ငါးနှစ်အတွင်း ပြည်တွင်းတွင် မိုဘိုင်းကွန်ရက် ၉၇ ရာခိုင်နှုန်း ဖြန့်ကျက်နိုင်အောင်ဆောင်ရွက်ပေးသွား မယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဆက်သွယ်ရေးကဏ္ဍမှာ အပြောင်းအလဲတွေဖြစ်ခဲ့ပြီး အပြောင်း အလဲအများစုဟာလည်း အကောင်းဘက်ကိုရွေ့ခဲ့တာတော့ အမှန်ပါ။ ဒါပေမဲ့လည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ်တွေရဲ့ ပြင်ပဈေးကွက် မြင့်တက်နေမှုတွေ၊ ဆက်သွယ်ရေးလိုင်းကျပ်မှုနဲ့ အင်တာနက် အသုံးပြုရ အခက်တွေ့မှုတွေကိုလည်း ကုစားရင်းအရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးနည်းဥပဒေ သစ်ကိုတော့ လာမယ့်နှစ်သစ်မှာ အကောင်းမွန်ဆုံး ဖြတ်သန်းခွင့်ရပါစေလို့ နှစ်ဟောင်းကို နှုတ်ဆက် ရင်း မြန်မာ့ဆက်သွယ်ရေး နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။
Written by တင်ဇာအောင် mizzama

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။

ဆေးသောက် နေရာသူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိ သာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန် သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်း စေတယ်လို့ သိရပါတယ်။

Ref; medic-facts Credit Internationalnews of Myanmar
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
========================

Ctrl + Alt + Del မှ ရတဲ့ သင်ခန်းစာ

ကီးဘုတ်မှာ ပါတဲ့ Ctrl + Alt + Del ပဲ ဖြစ်ပါတယ်။ကွန်ပျူတာနဲ့ အလုပ်လုပ်သူ အားလုံးဟာ နေ့တိုင်းမြင်တွေ့နေကြ စာလုံးလုံးလေး ဆိုလည်း မမှားပါ။သင်ခန်းစာ -

(၁) Ctrl ဆိုတာ Control ပါ။ Control ဆိုတာ ထိန်းချုပ်ပါ။ မိမိကိုယ့်ကိုယ် ထိန်းချုပ်ပါ။

(၂) Alt ဆိုတာ Alternative ပါ။ Alternative ဆိုတာ အခြားနည်းလမ်း။ရွေးချယ်စရာလို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် မိမိဘဝအတွက် အကောင်းဆုံး အရာတွေကို ရွေးချယ်ပါ။

(၃) Delete ကဖျက်သိမ်း ပစ်လိုက်ပါ။ မိမိဘဝမှာ မကောင်းသော တောင့်တမှု မကောင်းတဲ့ လိုအင်ဆန္ဒ အဆိုးတွေကို ဖျက်သိမ်း ပစ်လိုက်ပါလို့ အဓိပ္ပါယ် ရပါတယ်

byကျော်လင်းနိုင်
Ctrl + Alt + Del မှ ရတဲ့ သင်ခန်းစာ
===================

ပဋိပက္ခများအလွန် ပြန်လည်ရုန်းကန်ရဦးမည့် ၂၀၁၄

၂၀၁၃ ခုနှစ်ကို ပြန်လည်သုံးသပ်ကြည့်ရင် တစ်နှစ်လုံးမှာ ဒီမိုကရေစီရဲ့အပြောင်းအလဲတွေရှိခဲ့သလို ပဋိ ပက္ခတွေ၊ အဓိကရုဏ်းတွေကြောင့် သမ္မတဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီဟာ အရုပ်ဆိုး၊ အကျည်တန် ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်ဖို့ ကြိုးပမ်းမှုများရှိခဲ့သလို လွှတ်တော်နဲ့ အစိုးရအကြား အားပြိုင် လွန်ဆွဲမှုတွေလည်း ရှိခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေရဲ့ ဒီမိုကရေစီဗျူဟာတွေလည်း ထင်သလောက် ခရီးမပေါက် ခဲ့ပါဘူး။

၂၀၁၂ ရဲ့ အကြွင်းအကျန်များ

၂၀၁၃ ဟာ ၂၀၁၂ ရဲ့ ဆိုးကျိုးအကြွင်းအကျန်တွေကို ဆက်လက် သယ်ယူခဲ့ရတယ်။ ၂၀၁၂ ခုနှစ် မေ လ ၂၈ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတစ်ဆင့် ဇွန်လ မှာ အစ္စလမ်ဘာသာဝင်တွေ သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလမ်ဘာ သာဝင်တွေအကြား နှစ်ပေါင်းများစွာတင်းမာမှုဟာ ရန်ပွဲအသွင်ပြောင်းသွားခဲ့ပြီး တစ်ပြည်လုံးကို ကူးစက် ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ် ဆိုပေမဲ့ ရလဒ်ကို သေသေချာချာ မမြင်တွေ့ခဲ့ရပါဘူး။ အရေးယူမှုတွေဟာလည်း အချိန်နှင့်တစ်ပြေးညီ မဖြစ်ခဲ့ဘဲ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အတွက် ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ် ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားခဲ့ပြန်ပါတယ်။

အဲဒီဖြစ်ရပ်တွေမှာ အမှန်တကယ်နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေသူတွေကိုလည်း ဖော်ထုတ်အရေး ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီ ပဋိပက္ခ၊ အဓိကရုဏ်းတွေကို စည်းစနစ်တကျ မဖြေရှင်းခဲ့ခြင်းကြောင့် ၂၀၁၃ ခုနှစ်မှာ နောက်တစ်ဖန် ထပ်ကျော့လာတာပဲဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ရဲ့ ပဋိပက္ခအစ

၂၀၁၂ နှစ်ကုန်အပြီးမှာ အဓိကရုဏ်းတွေ လွန်မြောက်ပြီ၊ ပြည်သူတွေ စိတ်အေးရပြီလို့ထင်ရပေမဲ့ မကျေ လည်မှုတွေကတော့ ရှိနေဆဲပါပဲ။ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူရဲ့ မျိုးစောင့်ဥပဒေ လက်မှတ်ကောက်ယူမှု အရှိန်မြှင့်တာတွေ၊ တရားဟောပြောမှုတွေကလည်း ကြိုကြား၊ ကြိုကြား ရှိနေခဲ့ ပါတယ်။ နောက်ထပ် အခင်းအကျင်းတွေကနေ ဖြစ်ပေါ်လာတာကတော့ ၂၀၁၃ မတ်လ ၂၀ မှာ စတင်ခဲ့ တဲ့ မိတ်္ထီလာအဓိကရုဏ်းပဲ ဖြစ်ပါတယ်။

မိတ်္ထီလာဈေးထဲက ရွှေဆိုင်တစ်ဆိုင်မှာ ရွှေအရောင်းအ၀ယ်လုပ်ရာက အစ္စလမ်ဘာသာဝင် ဆိုင်ရှင်တွေ နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုကနေ စတင်ခဲ့တာပါ။ အဲ့ဒီကနေ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှု တွေအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။ အစိုးရက အလျင်အမြန် တန်ပြန်ဖြေရှင်းနိုင်စွမ်း မရှိခဲ့တဲ့အတွက် လူအသက်နှင့် ရုပ်ပစ္စည်းများ မဆုံးရှုံးတန်ဘဲ ဆုံးရှုံးခဲ့ကြရပါတယ်။

၂၀၁၃ ခုနှစ်တစ်နှစ်လုံးမှာ အစဆုံးဖြစ်ခဲ့ပြီးတော့ လူသေဆုံးမှု အများဆုံး အဓိကရုဏ်းလည်းဖြစ်ပါတယ်။ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး နေအိမ်၊ ဆိုင်၊ ဘာသာရေးအဆောက်အအုံ တော်တော်များများ ဖျက်ဆီးခံခဲ့ ရပါတယ်။

အဓိကရုဏ်းတွေဟာ မိတ်္ထီလာတင်မနားဘဲ ရပ်မနေဘဲ မလှိုင်၊ ၀မ်းတွင်း၊ သာစည် စတဲ့နေရာတွေကို ကူးစက်ပြန့်နှံ့ခဲ့ပါတယ်။ လေးလအကြာ ဇူလိုင် ၁၂ မှာ ဆူပူအကြမ်းဖက်သူ သုံးဦးကို ထောင်ဒဏ် ငါးနှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပေမယ့် ဒီဖြစ်ရပ်မှာလည်း နောက်ကွယ်က ဆူပူမှုဖြစ်အောင် လှုံ့ဆော်သူတွေ ဖော်ထုတ်အရေးယူမှုတွေ မမြင်ခဲ့ရပါဘူး။

မြို့ကြီးများကို ပျံ့နှံ့ခြင်း

မိတ်္ထီလာပြီးတော့ တစ်လအကြာမှာ နောက်ထပ် အဓိကရုဏ်းဖြစ်ပွားတဲ့မြို့ကတော့ ဥက္ကံဖြစ်ပါတယ်။ ဆွမ်းခံကြွလာတဲ့ ကိုရင်ကို ပင်နီပင်ရွာ အစ္စလမ်ဘာသာဝင် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ ၀င်တိုက် မိရာက အစပြုခဲ့တဲ့ ဖြစ်ရပ်ပါ။ ဥက္ကံမြို့၊ ပင်နီပင်၊ ချောက်တဲ့၊ ကျွဲပုံစတဲ့ရွာတွေမှာ စုစုပေါင်း အိမ်ခြေ ၁၅၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။

ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဆိုင်ခန်းပေါင်း ၂၀ ကျော်လောက် ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးရှိခဲ့ပါတယ်။ ဆူပူလှုံ့ဆော်သူ ၁၈ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ဥက္ကံဖြစ်ရပ်ကို ပြန်ကြည့်ရရင် အ ချိန်မီ ထိမ်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ တဲတွေ မီးလောင်ကျွမ်းခဲ့ရခြင်းမှာ မီးငြှိမ်းသတ်ဖို့ အချိန်မီ မ ရောက်နိုင်ကြလို့ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ၂၀၁၃၊ မေ ၂၉ မှာ လားရှိုးမှာ ပဋိပက္ခတစ်ခု ထပ်မံဖြစ်ပွားပါတယ်။

မိတ်္ထီလာနဲ့ ဥက္ကံဖြစ်စဉ်တွေတုန်းက ဆူပူမှုကျူးလွန်သူတွေကို အမှန်တကယ်၊ ထင်ထင်ရှားရှား မတွေ့ရ ပေမယ့်လည်း လားရှိုးဖြစ်စဉ်မှာတော့ ဆူပူအကြမ်းဖက်သူတွေရဲ့ ရုပ်တွေဟာ လူမှုကွန်ရက်တွေမှာ ပြန့် ကျဲခဲ့ပြီးပေမဲ့လည်း အရေးယူမှုအပိုင်းမှာ အားနည်းခဲ့တာကို တွေ့ရပါတယ်။ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခဟာ ကောက်ရိုးမီးလို ၀ုန်းကနဲ ဖြစ်ပေါ်ခဲ့ပြီး ၃၁ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။

၂၀၁၃ ရဲ့ နောက်ဆုံး သံတွဲ

ဒါပေမဲ့လည်း ၂၀၁၃ ခုနှစ် စက်တင်ဘာမှာ သံတွဲမြို့မှာတော့ အစ္စလမ်ဘာသာဝင်ပိုင် ငပလီ အထွေထွေ ရောင်းဝယ်ရေး အရောင်းဆိုင်ရှေ့မှာ သံသနာ့အလံချိတ်ဆွဲထားတဲ့ သုံးဘီးဆိုင်ကယ် ရပ်တန့်ထားရာက ပဋိပက္ခတစ်ခု ထပ်ဖြစ်ပြန်ပါတယ်။

ဒီသံတွဲဖြစ်စဉ်ဟာ မြို့ပေါ်တင်မကဘဲ ရပ်ရွာငယ်လေးတွေအထိ တဖြည်းဖြည်း ကူးစက်ခဲ့ပါတယ်။ တစ် မြို့နယ်လုံး အိမ်ခြေ ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ သုံးခု မီးလောင်ခဲ့ပါတယ်။ သေဆုံးသူ ခုနစ် ဦးထိရှိခဲ့ပြီးတော့ အိုးမဲ့အိမ်မဲ့ ၄၈၇ ဦးရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ခရီးစဉ်နဲ့ တိုက် ဆိုင်နေပါတယ်။ အရေးယူမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ဒီနောက် ၇၈ ဦးကို စတင် ဖမ်းဆီး လိုက်ပြီးတော့ အဆုံးသတ်ခဲ့ပါတယ်။

ပြန်လည်ဖွံ့ဖြိုးမှုများ ပြန်လုပ်ရဦးမယ့် ၂၀၁၄

လာမည့် ၂၀၁၄ ဟာ၂၀၁၃ က ပဋိပက္ခတွေ လုံးဝလွန်မြောက်ခဲ့ပြီလို့ မျှော်လင့်ပါတယ်။၂၀၁၁ ခု ဦးသိန်း စိန်အစိုးရရဲ့ ဒီမိုကရေစီလမ်းကြောင်းအတွင်း ချင်းပြည်နယ်လို ဖွံ့ဖြိုးမှုအားနည်းတဲ့ ပြည်နယ်တွေကို အ ရေးစိုက်လာမှုတွေ ရှိခဲ့ပေမယ့်လည်း အဓိကရုဏ်းတွေကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ရတဲ့ ရခိုင်ပြည်နယ်လို ပြည်နယ်မျိုးကို ပြန်လည်ကြည့်ရှုဖို့ လိုအပ်ပါသေးတယ်။ ယနေ့အချိန်ထိ အတူတကွပေါင်းသင်းဆက်ဆံ ရေးဟာ ခက်ခက်ခဲခဲ တည်ဆောက်နေရဆဲပဲ ရှိပါသေးတယ်။
Written by မြတ်ကျော်သူ၊ မောင်သင်တုန်း

၂၀၁၃ ခုနှစ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး စိန်ခေါ်သံ

လူပေါင်းများစွာ သေကျေခဲ့သော ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် တက်သုတ်ရိုက် အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသော သတင်းသည် ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံရေးဖြစ်ရပ်များတွင် သိသာ ထင်ရှားသြော စ်ြရပ်တစ်ခု ဖြစ်ခဲ့ပြီး နှစ်ကုန်ပိုင်းအထိ နိုင်ငံရေး လေ့လာသူများကြား စိတ်ဝင်စားမှု ရေချိန်မြင့်ခဲ့သည်။

လက်ရှိတွင် အစိုးရနှင့် အတိုက်အခံတို့ကြား တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း နှင့်အတူ ဖွဲ့စည်းပုံလမ်းကြောင်းကို လျှောက်လှမ်းရမည့် အချိန် ရောက်နေပြီဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတွင် စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တစ်ချက်မှာ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင် အရေးကြီးအဆို အဖြစ် စတင် တင်သွင်းခဲ့သူသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ၊ ၀က်လက်မြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် ဖြစ်ပြီး ယင်းအဆိုကို သတ္တမပုံမှန် အစည်း အဝေး ဇွန် ၂၀ ရက်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အာဏာရပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီမှ တင်သွင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က “ထူးခြားတာက ပြင်မယ်လို့ စပြောတာက ပြည်ခိုင်ဖြိုးက စပြောတာပဲ”ဟု ဆိုသည်။

ပြင်ဆင်မလား၊ အသစ်ရေးမလား

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသူ ရှိသကဲ့သို့ အသစ် ပြန်လည်ရေးဆွဲနေ သူများလည်း ရှိနေရာ အများစုက ပြင်ဆင် ရေးဆွဲလိုကြသည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏နာယက ဦးဝင်းတင် ကမူ “သုံးမရသည့် ဖွဲ့စည်းပုံ” ဖြစ်နေ၍ အသစ်သာ ပြန်လည်ရေးဆွဲသင့်သည်ဟု ဝေဖန်ခဲ့သေးသည်။ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီကလည်း ပြင်မည်ဟု ပြောခဲ့သည်။

ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသူ၊ နိုင်ငံရေးဆောင်းပါးများ အစဉ်တစိုက် ရေးသားခဲ့သူ စာရေးဆရာ ဦးကျော်ဝင်းက “အသစ်ရေးခြင်းက ကျွန်တော်တို့ ရှားရှားပါးပါး ရထားတဲ့ ဒီကနေ့ အပြောင်းအလဲ လေးကို အန်္တရာယ်အလွန်ကြီးတယ်ထင်လို့ ကျွန်တော် ပြောရခြင်းဖြစ် ပါတယ်” ဟု ဆိုသည်။

ဦးသန်းစိုးနိုင်ကလည်း “ဖွဲ့စည်းပုံ အသစ် ပြန်ရေးဆွဲမယ်ဆိုရင် ဒီအခွင့် အာဏာက အခြားလူတွေမှာ မရှိဘူး။ တပ်မတော်နဲ့ အာဏာရပါတီမှာပဲ ရှိမယ်။ တကယ်ကျတော့ ဖွဲ့စည်းပုံကို အသစ်ရေး မယ်လို့ တောင်းဆိုတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်ရေးသည် စစ်တပ်ရဲ့တာဝန်ဆိုတော့ စစ်တပ်ကို စိန်ခေါ်သလို ဖြစ်နေတယ်။ ဒီလိုလမ်းကြောင်းနဲ့ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်မှာပဲ” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး နှင့် ပတ်သက်ပြီး လူထုသဘောထားခံယူပွဲများ ပြုလုပ်ခဲ့ရာ အများစုက ပြင်ဆင်ရန် သဘောထား မှတ်ချက်ပေးခဲ့ကြသည်။

ဖွဲ့စည်းပုံမှာ ဘာတွေပြင်မလဲ

ပြင်ဆင်ရန်ခက်ခဲလွန်းသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ပြင်ဆင်ရန်အတွက် ပညာရှင်များ ထောက်ပြထား သည့် အချက်များစွာရှိနေပြီး အခန်း (၁၂) “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း” တွင် ပါဝင်သည့် ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ဆင်ရမည်ဟု ပညာရှင်များက ဝေဖန်ထောက်ပြသည်။

ပြင်ဆင်ရမည့်အချက်များတွင် အများစု ထောက်ပြသည့် အချက်များတွင် အခန်း (၁) နိုင်ငံတော် အခြေခံ မူများအခန်းတွင် ပါဝင်သည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ် မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး အစဉ်တစိုက် ဦးဆောင်သည်”ဆိုသည့် အချက်၊ သမ္မတနှင့်ဒုသမ္မတ အရည်အချင်း သတ်မှတ်ချက်များတွင် ပါဝင်သည့် ပုဒ်မ ၅၉(စ) တွင် ပါဝင်သည့် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦး၊ ယင်းသားသမီးများ၏ ဇနီး၊ ခင်ပွန်းများသည် တိုင်းတစ်ပါး နိုင်ငံသား မဖြစ် စေရဆိုသည့်အချက်၊ စစ်တပ်က အာဏာသိမ်းနိုင်သည့်အချက်၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် သက်ဆိုင်သည့် အချက်များ၊ လွှတ်တော် တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်သည့် အချက် စသည့်အချက်များကို ပြင်ဆင်ရန် လိုအပ်နေသည်ဟု ပညာရှင်များက ဆိုသည်။

ယင်းသို့ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ သမိုင်းမြို့မ ဘုန်းကြီးကျောင်း တွင် ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထု ဆွေးနွေးပွဲတွင် မြန်မာငြိမ်းချမ်းရေးစင်တာ မှ အကြံပေးအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက “ဘာတွေကိုပြင်မှာလဲဆိုရင် ကျွန်တော်တို့ နိုင်ငံရေးအရ ခွဲထုတ်လိုက်တာ လေးခု ရှိတယ်။ နံပါတ်တစ်က တိုင်းရင်သား ပဋိပက္ခကို ဖြေရှင်းဖို့လိုအပ်တဲ့ အချက် အလက်တွေ ဖြေရှင်းဖို့ရှိတယ်။ နောက်တစ်ခုက တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်ကနေရာအများ ကြီး ယူထားတဲ့ အပေါ်မှာ ဝေဖန်တာရှိတယ်။ တပ်မတော် ရဲ့ အခန်းကဏ္ဍပြင်ဆင် ဆွေးနွေးစရာရှိ တယ်။ နံပါတ်သုံးက လက်ရှိ ဖွဲ့စည်းပုံမှာ ရှေ့နောက်မညီတဲ့ကိစ်္စတွေ ရှိတယ်။ အဲဒါ တွေကတော့ ဥပဒေကြောင်းဆန်တယ်။ နောက်တစ်ချက်က သမ်္မတဖြစ်ခွင့်ရှိတဲ့ သတ်မှတ်ထားတဲ့အချက် ၅၉(စ)ကို ပြင်ရ မယ်”ဟု ပြောသည်။

ယင်းပွဲတွင် စာရေးဆရာ ဦးဖေမြင့်ကလည်း ၀င်ရောက်ဆွေးနွေးခဲ့ရာ “နိုင်ငံတော်ရဲ့ ဦးဆောင်မှုနေရာကို တပ်မတော်က အမြဲတမ်းယူရင် တပ်မတော်က အမြဲတမ်း အခွင့်အရေးယူနေမယ်။ အဆင့်အတန်း ခွဲခြား သလိုဖြစ်နေမယ်။ တန်းတူညီ မျှရေးကို နေရာတော်တော်များများမှာ ရေးထားပေးမယ့် ဆန့်ကျင်နေ တယ်။ ရှေ့နောက် မညီညွတ်ဘူး”ဟု ဝေဖန်ထောက်ပြသည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုး နိုင်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲ၍ပြော ခဲ့ပြီး ၂၀၁၅ မတိုင်မီ ပြင်ဆင်သင့်သည့် အချက်နှင့် ၂၀၁၅ နောက်ပိုင်းတွင် ပြင်ဆင်သင့်သည့် အချက်ဟူ ၍ နှစ်ချက်ခွဲ၍ ပြောခဲ့ပြီး ၂၀၁၅ မတိုင်ခင်တွင် သမ္မတလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့်အချက်များ၊ သမ္မတ အရည်အချင်း ကန့်သတ်ချက်များ၊ တိုင်းရင်းသားများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဘာသာ ရေး တန်းတူညီမျှရှိရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အစိုးရများကို ပါဝါခွဲဝေပေးရေးတို့ကို ပြုပြင်ရ မည်ဖြစ်ပြီး ၂၀၁၅ နောက်ပိုင်းတွင်မှ စစ်တပ်အခန်းကဏ္ဍကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ ပေးရမည်ဟု ဝေဖန်ထောက်ပြလိုက်သည်။

ဦးကျော်ဝင်းကလည်း “ကျွန်တော်တို့ Constitution (ဖွဲ့စည်းပုံ) မှာ လိုအပ်တာတွေ အများကြီးပဲ။ လက် တွေ့ အလုပ်လုပ်တဲ့အခါမှာ အခက်အခဲဖြစ်နေတဲ့ဟာတွေကို ဦးစားပေးပြင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ သွားနေတဲ့ အပြောင်းအလဲ သုံးခုနဲ့ သွားနေပါတယ်။ နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေး အပြောင်းအလဲနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို သွားနေတယ်။ ရှေ့ဆက်သွားဖို့ အဟန့်အတားဖြစ်နေတာက လူမျိုးစုအခွင့် အရေးနဲ့ပတ်သက်တာတွေကို ညှိပြီး အဖြေ တစ်ခုထွက်အောင် လုပ်ရမယ်လို့ ထင်ပါတယ်” ဟု သုံးသပ် ပြောဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တိုင်းရင်းသား အများစုအနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ဦးတည်ရေးကို သာ ဦးစားပေး ပြင်ဆင်လိုသည့်ဆန္ဒရှိကြောင်း တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပြောဆိုထားသည်။

NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီမှအဖွဲ့ဝင် ဦးဌေးဦး ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေလူထု ဆွေးနွေးပွဲတွင် “ပြည်နယ်အစိုးရတွေကိုလည်း လက်တစ်ဆုံး ဗဟိုအစိုးရကြီးကပဲ ကိုင်ထားတယ်။ ပြည်နယ်တွေရဲ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဘယ်မှာရှာကြမလဲ။

ဇယား(၂)မှာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကိုတွေ သစ်တောနဲ့ ပတ်သက်လို့ စီမံခန့်ခွဲခွင့် ပေး ထားတာ ထင်းကိုပဲ စီမံခန့်ခွဲခွင့်ပေးထားတယ်။ သတ္တုတွင်းနဲ့ပတ်သက်လို့လဲ ကျောက်သွေး၊ ကျောက် ဖြတ်လုပ်ငန်းပဲ စီမံခန့်ခွဲခွင့် ရှိတယ်။ အဲဒီတော့ ဒီလိုပုံစံမျိုးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ပါဘူးဒီအချက် တွေက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု မဟုတ်ဘူး ဆိုတာ လည်း ဒီအချက်တွေက ပြနေပါတယ်” ဟု ထောက်ပြဝေဖန်ခဲ့သေးသည်။

ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လေ့လာသုံးသပ်ရေးတို့အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၂ နေရာဖြင့် ကိုယ်စားလှယ်ဦးရေ အများဆုံး ပါဝင်ကာ ဒုတိယအနေဖြင့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ဦး ပါဝင်သည်။ အတိုက်အခံပါတီ NLD ကမူ ကိုယ်စားလှယ်ခုနစ်ဦး ပါဝင်သည်။ ယင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်ရှိ ပါတီအသီးသီး၏ ကိုယ်စားပြုမှု အချိုးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆိုပါကော်မတီသို့ ပါတီအသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ အကြံပြု ချက်များကို လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ တွင် နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်သည်။

ပြင်ဆင်ရခက်တဲ့ ဖွဲ့စည်းပုံ

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ထောက်ခံတင်ပြလာမှသာ လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။ အလားတူ ဖွဲ့စည်းပုံပါ ပုဒ်မ အချို့တို့ကို ပြင်ဆင်ရာတွင်လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်ကပြင်ဆင်ရန် လက်ခံသဘောတူမှ ပြင်ဆင်နိုင်မည် ဖြစ်သည်။

ယင်းနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ မဲဆန္ဒရှင် ထက်ဝက်ကျော်၏ ထောက်ခံဆန်္ဒမဲရမှသာ ပြင်ဆင်နိုင်မည်ဖြစ် သည်။ ကျန်ဥပဒေပါပြဋ္ဌာန်းချက် ပုဒ်မ အချို့သည် ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်စုစုပေါင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံလျှင် ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယင်းအချက်များကြောင့် ပြင်ဆင်ရခက်သည့် ဖွဲ့စည်းပုံဟု အမည်တပ်ကြခြင်း ဖြစ်သည်။ ယင်းသို့ ဒီမိုကရေစီစံနှုန်းများနှင့် မညီသော၊ ပြင်ဆင်ရန် အချက်များစွာရှိနေသော၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်သည့် အချက်များကို အဓိကထားပြင်ဆင်ခြင်းဖြင့် အများ လက်ခံနိုင်သော ဖွဲ့စည်းပုံဖြစ်ရေးကို ဦးတည်စေလိုသည်။
Written by တင်ဇာအောင်၊ ဝေမာသိမ့်

၂၀၁၃ ထူးခြားထင်ရှားမြန်မာနိုင်ငံသားတွေထဲမှ ဗိုလ်ချုပ်ဂွန်မော်

ဒီဗွီဘီက ရွေးချယ်ထားတဲ့ ၂၀၁၃ ခုနှစ် ထူးခြားထင်ရှား မြန်မာနိုင်ငံသားတွေထဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဒီဗွီဘီ ပရိသတ်တွေက မဲအများဆုံးပေး ရွေးချယ်လိုက်ပါတယ်။

ဒီဗွီဘီ ပရိသတ်တွေအနေနဲ့ ၂၀၁၃ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အလေးပေးဖော်ပြခံရသူ ၁၀ ဦးကို ရွေးချယ်ကောက်နှုတ်ပြီး ဒီဗွီဘီ ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး၊ အလေးစားဆုံး၊ တနည်းအားဖြင့် သူတို့ရဲ့အတွေးအမြင်ထဲမှာ အလွှမ်းမိုးနိုင်ဆုံး သူတယောက်ကို မဲပေးရွေးချယ်ပေးဖို့ ဆန္ဒပြုစေခဲ့တာပါ။

ဒီဗွီဘီ သတင်းဌာနရဲ့ မြန်မာပိုင်းနဲ့ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုသူ ပရိသတ်ပေါင်း ၂၀၆၆၂ ယောက်တို့က ဆန္ဒပြု မဲပေးခဲ့ကြရာမှာ ဗိုလ်ချုပ်ဂွမ်မော်က ဆန္ဒမဲပေါင်း ၁၃၈၉၂ ရရှိပြီး မဲအရေအတွက် စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ အများဆုံးရရှိသွားတာပါ။

ဒုတိယအများဆုံးကတော့ မဲပေါင်း ၄၇၈၇ မဲနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူ ဖြစ်ပြီး ဒေါက်တာ စင်သီယာမောင်ကတော့ ၄၇၅ မဲနဲ့ တတိယ မဲအများဆုံး ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ၃၄၉ မဲ ရရှိခဲ့ပြီး စတုတ္ထမဲအများဆုံးပါ။

ဒါ့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲပေါင်း ၂၃၀၊ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးက ၁၉၆ မဲ၊ အမျိုးသမီး ဘောလုံးလက်ရွေးစင် မသန်းသန်းထွေးက ၁၉၅ မဲ၊ မယ်စကြ၀ဠာ မြန်မာ- မိုးစက်ဝိုင်က ၁၁၆ မဲ၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က မဲပေါင်း ၁၁၀၊ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ၄၄ မဲနဲ့ အခြားမဲဆန္ဒပေါင်း ၂၆၈ မဲ တို့ ဖြစ်ပါတယ်။

ဒီဗွီဘီဝက်ဘ်ဆိုဒ်တွေကို ဖတ်ရှုအားပေး မဲရွေးချယ်ပေးကြသူများကို ဒီဗွီဘီက အထူး ကျေးဇူးတင်ရှိပါတယ်။ မဲအများဆုံးပေး ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ ဒီဗွီဘီက ချီးမြှင့်ပေးပို့မယ့် ဂုဏ်ပြုလက်မှတ်နဲ့ ဆုဖလားကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ဂွန်မော်

၂၀၁၃ ခုနှစ် အောက်တိုဘာလ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ လာရောက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကို ကချင်ရိုးရာဝတ်စုံတွေ ဆင်မြန်းထားတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေရဲ့ ကြိုဆိုမှုက ကချင်ပြည်သူတွေအကြား သူရဲ့လွှမ်းမိုးမှုကို လျှော့တွက်ထားတဲ့ အာဏာပိုင်တွေအတွက် အံအားသင့်စရာ တခု ဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာလ ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ စစ်တပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ဂွန်မော်ဟာ အများထင်မှတ်မထားဘဲ ရန်ကုန်ကို သမိုင်းဝင်ခရီးစဉ်အဖြစ် လာရောက်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့သလို စမ်းချောင်းမြို့နယ်က ဘတ်ပ်တစ် ခရစ်ယာန်ဘုရားကျောင်းမှာ ရန်ကုန်ရောက် ကချင်လူမျိုးတွေကို တွေ့ဆုံစကားပြောခဲ့ပါတယ်။ ကချင်လူမျိုး အဆိုတော်တွေအပါအ၀င် ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းဝင်တွေ နိုင်ငံရေးသမားတွေနဲ့ ဦးတေဇတို့လို လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံကူးလတ်မှတ်ကို လျှောက်ထားခဲ့ပါတယ်။

မီဒီယာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်ပြီး နှိမ်ချတဲ့ ဗိုလ်ချုပ်ဂွန်မော်ရဲ့ တည်ကြည်မှု ဂုဏ်သရေဟာလည်း သိသာထင်ရှားပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို ဖြစ်စဉ်တခုအနေနဲ့ သတ်မှတ်ထားတဲ့အကြောင်း၊ မြန်မာ အစိုးရကတော့ ငြိမ်းချမ်းရေးဆိုတာ သဘောတူညီချက်တွေကို လတ်မှတ်ရေးထိုးဖို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အကြောင်း ဒီဗွီဘီရဲ့ မေးမြန်းတာကို သူက ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ဟာ မန္တလေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ဖူးပြီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးတဲ့နောက်မှာတော့ အစိုးရ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။ အဲဒီနောက် ကချင်လွတ်လပ်ရေး တပ်မတော်ထဲကို သာမာန်တပ်သား အဆင့်ကနေ ၀င်ရောက်ခဲ့ပြီး ဗိုလ်ချုပ် အဆင့်ထိ တက်လှမ်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ အရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်လာလိမ့်မယ်လို့ ကချင်တိုင်းရင်းသားတွေက မျှော်လင့်ထားကြပါတယ်။by DVB
ထူးခြားထင်ရှားမြန်မာပြည်သား ၂၀၁၃ ဗိုလ်ချုပ်ဂွန်မော်

ရှမ်းပြည်တပ်မတော်နှင့် အစိုးရ တွေ့ဆုံ

အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် ပြည်လည်ထူ ထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) တို့ ဒီဇင်ဘာလ ၃၀ ရက် နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ယူထားတဲ့ကြားက တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေ၊ သျှမ်းတပ်မတော်သားတွေအတွက် ပြန်လည်နေရာချထားရေး ကိစ္စတွေအပါအ၀င် အချက် ၆ ချက်လောက်ကို ဆွေးနွေးခဲ့ကြတယ်လို့ အာစီအက်စ်အက်စ် ရဲ့ ပြောခွင့်ရသူ စိုင်းဆိုင်မိန်းက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပတ်သက်လို့ သဘောတူညီထားတဲ့အချက်တွေ အချို့ကိစ္စတွေကို အကောင်အထည်မဖော် နိုင်သေးတဲ့ ကိစ္စတွေကို ဆွေးနွေးတာပါ။ ၆ ချက် ၇ ချက်လောက်ရှိတာပေါ့။ အခု မုန်းထားမှာ အိမ်ဆောင်ပေးတဲ့ ကိစ္စပေါ့နော်။ နောက် တပ်မိသားစုတို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပြန်လည် နေရာချထားဖို့အတွက် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အရင်က အစိုးရကလည်း ဒီဒေသတွေမှာ ကူညီမယ်လို့ ပြောထားပါတယ်။ ဒီကိစ္စတွေကို ပြန်ပြီး ဆွေးနွေးတာပါ။ နောက်တော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာ လက်တွဲ ပူးပေါင်းမှု သိပ်မရရှိသေးတဲ့ အပိုင်းတွေ ဆွေးနွေးပါတယ်။ အပစ်အခတ် အရပ်စဲပြီးနောက် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အကြောင်းတွေလည်း ဆွေးနွေးပါတယ်။ ”

ဒါ့အပြင် ရှမ်းပြည်တပ်မတော်ဘက်က ဆက်ဆံရေးရုံးတွေ ထပ်ဖွင့်နိုင်ဖို့၊ နယ်မြေတွေကို သတ်မှတ်ပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့လည်း စိုင်းဆိုင်မိန်းက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်အနေနဲ့ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာလမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ကာလအားဖြင့် ၂ နှစ်ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် အပစ်ရပ်ချိန်က စပြီး အောက်ခြေအဆင့် နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားမှုအကြိမ်ပေါင်းက ရာနဲ့ချီ ရှိနေပြီး ဒီတိုက်ပွဲ အများစုဟာ အစိုးရတပ်က အပစ်ခတ်ရပ် သဘောတူချက်အတိုင်း မလိုက်နာလို့ ဖြစ်ရတာလို့ အာစီအက်စ်အက်စ်က ပြောပါတယ်။

ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကတော့ တိုက်ပွဲတွေလျော့ချနိုင်အောင် ကြိုးစားပေးမယ့်အကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့ကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီဘက်က ကိုယ်စားလှယ် ၅ ဦး တက်ရောက်ခဲ့ပြီး အစိုးရဘက်ကတော့ ၁၀ ဦး ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီး ညစာစားပွဲမှာတော့ အာစီအက်စ်အက်စ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင် တက်ရောက်ပြီး သူတို့အနေနဲ့ အစိုးရက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေကို အားပေးထောက်ခံကြောင်း ပြောဆို နှုတ်ဆက်ခဲ့ကြပါတယ်။Credit (DVB)

အစိုးရ တပ်များ KIA တပ်ရင်း (၁၂) နယ်မြေမှဆုတ်ခွာ သွားခြင်း မဟုတ်ကြောင်း

ကချင်ပြည် နယ် မံစီမြို့ နယ်နန့်လင်းပါ နှင့် မုန်လိမ်ပါ ကျေးရွာ တ၀ိုက်၌ တပ်စွဲထားသော အစိုးရ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် နည်းဗျူဟာ (၃)ခုမှ တပ်တချို့ သည် ဒီဇင်ဘာ (၂၈)ရက်နေ့ ညတွင် ၄င်းတို့ အခြေ ချနေရာမှ (၈)မိုင်ခန့် ဝေးသော မိုးမောက်မြို့ နယ်စခန်း ကြီးဖက်သို့ ပြောင်းလဲ နေရာယူခဲ့ သည်ဟု ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း(၁၂) မှူး ဗိုလ်မှူး လဘိုင် ဂျွန်းအောင် မှဆိုပါသည်။

“ အဲဒီ ဆုတ်တဲ့ အထဲမှာ (ခမရ -၆၂၁) နှင့် (ခမရ-၆၂၂) အထူး တပ်တွေ လည်းပါ တယ်။ သူတို့က ဆုတ်ပြီးပြန် သွား တာမျိုး မဟုတ်ဘူး ဗျ။ တလှမ်း ဆုတ်ပြီး ပြန် လည်ထိုးစစ် ဆင်နိုင်တဲ့ အနေ အထားမှာ နေရာယူ ထားပါ ။နောက်ပြီး ဆုတ်တဲ့ အင်အားက ရာဂဏန်း လောက်ဘဲ ရှိမယ်။ ဒီတော့ စစ်မျက်နှာ သစ်တခု ဖွင့်နိုင်တဲ့ အနေအထား လည်းဖြစ်နိုင် တယ်။ ဒါပေမဲ့ ကျနော် တို့တော့ သူတို့ဆုတ် တဲ့နေရာတွေ ကိုဝင်ယူ လိုက်တာပေါ့။ ရွာသားတွေ ပြောနေ တာကတော့ တလလောက် အနားယူပြီးတော့ ပြန်ထိုးလာမယ် အနေ အထားလို့ ပြောကြတယ်” ဟုဆို ပါသည်။

ထို့အပြင် တရုတ် မြန်မာ နယ်စပ် KIA တပ်မဟာ (၃)ဒေသ၊ Mu Bum(မုဘွမ်)၌ စခန်းချ သည့် အင် အား (၄၀) ခန့်ရှိသော တပ်များ လည်း ပါဝင်သည်။ ဤစခန်း သည်တရုတ် ပြည်နယ် စပ်တွင်ရှိပြီး စားနပ်ရိက္ခာ များ ကိုတ ရုတ်ပြည် ဘက်မှ တဆင့် သယ်ခွင့် ရရှိ နေရာမှ ယခုသယ် ဆောင်ခွင့် မပြုတော့ သဖြင့် ရိက္ခာ အ ခက် အခဲ ကြောင့် ဆုတ်သွား ခဲ့ဖွယ် ရှိနေပါသည်။

တပ်ရင်း(၁၂) ကမူ နောက် တလှမ်း ဆုတ်သည့် ဆင်မျိုး လည်း ဖြစ်နိုင် သလို၊ လက်နက်ကြီး အတွက် (OP) မှတ်ပုံတင်ပြီး နောက် ဆုတ်ဟန်ပြနိုင် ပါသည်။ ရိက္ခာ ပြသနာ လည်းရှိနိုင်သလို စစ်မျက်နှာ ပြောင်းလဲ စစ်ဆင်ခြင်း လည်းဖြစ်နိုင် ပါသည်။ လက်ရှိစစ် ဆင်ရေးသည် နေပြည်တော် ၏အ ထူးကန့် သတ်စစ် ဆင်ရေးဖြစ် သည့်အတွက် တပ်များ အားလုံး မဆုတ်ခွာ ပေးမချင်း အပြု သဘော ဆန်လိမ့် မည် မဟုတ်ဟု တွက် ဆထား ကြပါသည်။

ဤသို့ကြောင့် အရာရာ ကိုစဉ်းစား ချင့်ချိန်နေရ သည့်အထဲတွင် ကရင်ပြည် နယ်ဖါး အံမြို့တွင် လာမည့် ဇန္နာဝါရီ အတွင်းကျင်း ပမည့် အစိုးရ၏ တပြည်လုံး အပစ် အခတ်ရပ်စဲ ရေးစာ ချုပ်လက် မှတ်ထိုးပွဲ ၏ ပရိယာယ် သစ်လည်း ဖြစ်နိုင် ဖွယ် ရှိနေပါ သည်။ ဤ အတွက် အပေါင်း လက္ခဏာ ဆောင်ပြ သည့် ပရိယာယ် မျိုး ကိုဆို လိုခြင်းဖြစ် ပါသည်။

အစိုးရ တပ်ဖွဲ့များ ၏ KIA တပ်ရင်း (၁၂) စစ်ဆင်ရေး သည် လမ်းဖေါက် ရန် အကြောင်း ပြချက်ဖြင့် ကျေး ရွာတွင်း သို့ လက်နက်ကြီး များ ပစ်သွင်းပြီး လူထုများ ကိုနေရပ် မှမောင်း ထုတ် ကာနေ ရာယူ ခဲ့သော စစ်ဆင်ရေး မျိုးဖြစ်ပါ သည်။ ဤဒေသ၌ အင်အား (၃၀၀၀) ကျော်ဖြည့် တင်း ထားပြီးမှ အင်အား ရာဂဏန်း မျှ တလှမ်း ချင်းဖြင့် ဆုတ်ခဲ့ခြင်း သည် သာဖြစ် သည်ဟု ဗိုလ်မှူး ဂျွန်းအောင် ကဆိုပါသည်။

KIA တပ်ရင်း (၁၂) စစ်ဆင်ရေး ကိုပြီးခဲ့ သည့် အောက်တိုဘာ လဆန်းက တည်းက ပြင်းထန်စွာ ပြန်လည် စစ်ဆင်ခဲ့ ပါသည်။ အစိုးရ ဖက်မှ အကျ အဆုံးများ လှပြီး နာမည် ပျက်ခဲ့ရ သည့် စစ်ဆင်ရေး လည်းဖြစ် ပါသည်။ မကြေနပ် မှု များရှိနေ သဖြင့် ၄င်းတို့ လှုပ်ရှားမှု မှန်သမျှ သည် ပရိယာယ် သာဖြစ်နေ ဦးမည် ဟုKIA ဖက်က ယူဆ ထားပါသည်။
Credit (ရွှေဟင်္သာ)

ဒီမျှနဲ့ပဲ ကြေပါတော့

အဆင့်အတန်း အခြေအနေတွေ ကျွန်တော်တို့ မြန်မာနိုင်ငံက အလွန် ကွာခြားလွန် နေခဲ့ပါပြီ ။ လူနေမှု အဆင့်အတန်း ရပ်တည်မှုက ဘယ်လိုမှ ရှင်သန်လို့ မရတော့ ပါဘူး ။

နောက်ပြီ သူတို့ရဲ့ စိတ်ထဲမှာ ယခု လက်ရှိ ဖြစ်နေတဲ့ ဘဝကို နောက်နောင် ဖြစ်လာမယ့် မျိုးဆက်တွေနဲ့ သူတို့ရဲ့ ဘဝကို ဒီမျှနဲ့ပဲ ကြေပါတော့လို့ ဆုတောင်းနေခဲ့မိမှာ ပါ ။

ခံစားတတ်တဲ့ နှလုံးသား ရှိရင် အမိ တိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ငြိမ်းချမ်းရေး နှင့် ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်းတို့ကို ကာကွယ်ပေးနေတဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို အမြန် တည်ဆောက် နိုင်ကြ ပါစေ ။

PHOTO - Min Nay Htoo

နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်း ချမ်းသာခွင့် သမ္မတ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတဦးသိန်းစိန် က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမရှိစေရဘူးလို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ကတိပြုခဲ့တဲ့အတိုင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ကြေညာချက်အရ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ၊ လက်ရှိ အမှုရင်ဆိုင်နေရဆဲသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ ဥပဒေ ပုဒ်မ (၆ )မျိုးနဲ့ အကျဉ်းကျခံနေရသူကို ပြန်လွှတ်ဖို့၊ အဲဒီ ပုဒ်မတွေနဲ့ တရားရုံးတွေမှာ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပြီး တရားရင်ဆိုင်နေရသူ တွေကို ချက်ခြင်းလွှတ်ဖို့၊ စုံစမ်းအရေးယူဆဲ အမှုတွေကို အရေးမယူဘဲနဲ့ ပိတ်လိုက်ဖို့ အမိန့်ထုတ်ပြန်လိုက် တာပါ။

အဲဒီ ဥပဒေ ပုဒ်မ (၆) မျိုးမှာ မတရားအသင်း အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)- နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော် အကြည်ညိုပျက် အောင်ပြုလုပ်မှု၊ ပုဒ်မ (၅)၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွေ ပါဝင်ပါတယ်။

အခုလို သမ္မတဦးသိန်းစိန် ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ကြိုဆို လိုက်ပါတယ်။

" ကျွန်တော်ကြိုဆိုတယ်ခင်ဗျ၊ ကျွန်တော် သဘောထားကတော့ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်သည် အင်မတန် ရှင်းလင်းပြတ်သားတယ်၊ ဘာရှင်းလင်းပြတ်သားလည်းဆို လူရွေးပြီးလွှတ်တာမဟုတ်ဘူး၊ ပုဒ်မတွေကို အဓိကညွှန်းပြီးတော့ အဲ့ပုဒ်မနဲ့ အရေးယူထားတဲ့သူ အကုန်လုံးလွှတ်စေဆိုပြီး အမိန့်ပေးလိုက်တဲ့ အတွက် ဒီဟာကို သေသေချာချာ လေးလေးနက်နက် ထောက်ခံပြီးကြိုဆိုတယ်၊ ဒီဟာမျိုးကမှ နိုင်ငံရေးသမားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့်လို့ခေါ်ပါတယ်"

ဒါပေမဲ့ နိုင်ငံရေး နဲ့ ပတ်သက်ပေမဲ့ တခြားဥပဒေ ပုဒ်မတွေ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူတွေ အတွက် စဉ်းစားစရာရှိနေကြောင်းလည်း ဦးကိုနီက ထောက်ပြပါတယ်။

" ဒီပုံစံအတိုင်းဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသား မကျန်သလောက်ဖြစ်သွားမယ်၊ သို့သော် ပြောစရာတစ်ခုရှိတာက အဲ့ဒီပုဒ်မ ၆ ခုမဟုတ်ပဲနဲ့ နိုင်ငံရေးသမားတွေကို အခြားပုဒ်မတွေနဲ့ အပြစ်ပေးထားတယ်ဆိုရင်တော့ အဲ့လူတွေကတော့ ပါအုံးမှာမဟုတ်သေးဘူး၊ အခုဟာက ကျွန်တော်တို့က ပုဒ်မကိုပဲ ကြည့်ပြောလိုက်တာကို ၆ မျိုးပါတယ်၊ အဲ့ ၆ မျိုးကတော့မှန်တယ် အဲ့ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတွေ ကြီးပဲ၊ ဒါကြောင့်မို့ ကျွန်တော်တို့ အဲ့ပုဒ်မတွေကြီးပဲ မဟုတ်ပဲ၊ အခြားပုဒ်မနဲ့ အပြစ်ပေးထားတဲ့ လူမျိုးကလွဲရင်တော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်မယ်လို့တော့ အဲ့လိုပြောလို့ရပါတယ်"

အခု ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ၂၀၁၃ ခုနှစ်
ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ပိုင်း ကျူးလွန်တဲ့ ဥပဒေ ပုဒ်မ (၆ )မျိုးပါ ပြစ်မှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။Credit
RFA

မူးယစ်ဆေး ပူးပေါင်းတိုက်ဖျက်ရေး အကောင်အထည် မပေါ်ဟု ဆို

အပစ်အခတ် ရပ်စဲရေ သဘောတူညီချက်အရ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး လုပ်ငန်းများသည် စာရွက်ပေါ်တွင်သာရှိပြီး မြန်မာ အစိုးရက လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများ မရှိကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့က ပြောသည်။

အစိုးရနှင့် မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးအတွက် သဘောတူညီချက် ရယူထားသည်မှာ တနှစ်ကျော်ကြာရှိပြီး တရားဝင် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ယခုလ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် အတွက် RCSS/SSA အဖွဲ့က အားကျိုး မာန်တက် ဆောင်ရွက်မှုများကို တင်ပြခြင်း ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

“နိုင်ငံတော် အစိုးရမှ ယခုကဲ့သို့ လျစ်လျူပြုကာ လိုက်နာဆောင်ရွက်မှု မရှိခြင်းသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက် နိုင်ရန်အတွက် အခက်အခဲနှင့် အဟန့်အတား ဖြစ်စေသည့် စိန်ခေါ်ချက်တွေ ဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရ စစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက် မရရှိသောကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက်ပူးပေါင်း ဆောင်ရွက်ရန် နှောင့်နှေး ကြန့်ကြာနေခြင်း ဖြစ်ကြောင်း RCSS/SSA အဖွဲ့မှ ဒု ဗိုလ်မှူးကြီး စိုင်းဟန်က ဧရာဝတီသို့ ပြောသည်။

“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) ဆိုတာ ပြည်ထဲရေး (ဝန်ကြီးဌာန) ကလေ။ သူတို့ကလည်း ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) က ခွင့်မပြုနိုင်ရင် ဘာမှ မလုပ်နိုင်ဘူး၊ အဲဒီလို အခြေအနေမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မူးယစ်းဆေးဝါး တိုက်ဖျက်ရေး ကိစ္စများကို RCSS/SSA အဖွဲ့ နှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီး စိုင်းဟန်က ဆက်ပြောသည်။

“ဒီကိစ္စက အားလုံးနဲ့ သက်ဆိုင်တာကိုး။ အဓိက အစိုးအပေါ်မှာ အများကြီး မူတည်တယ်။ အဲဒါမှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လျင်လျင် မြန်မြန် ဖြေရှင်းနိုင်မှာ ဖြစ်တယ်၊ ကျနော်တို့ဘက်က အဲဒီလိုမျိုး မြင်တယ်” ဟု ၎င်းက ရှင်းပြသည်။

RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စကို အရေးကြီး ဆောင်ရွက်ရန် သတ်မှတ်ထားပြီး လာမည့်နှစ်တွင် အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒီကိစ္စတွေကို တတ်နိုင်တဲ့ဖက်က လုပ်မယ်၊ အစိုးရနဲ့ တွေ့တိုင်းလည်း ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးဖို့ ရှိတယ်” ဟု ဒု ဗိုလ်မှူးကြီး စိုင်းဟန်က ပြောသည်။

RCSS/SSA အနေနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ဦးခွန်စိုင်းကမူ RCSS/SSA အဖွဲ့နှင့် အစိုးရတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မဖြစ်နိုင်သေးကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြောသည်။

“CCDAC ကတော့ လုပ်ချင်တယ်လို့ ပြောတယ်၊ ဒါပေမယ့် အခုအထိ တပ်မတော်ဘက်က မီးစိမ်း မပြသေးဘူး။ အဖွဲ့ ခေါင်းဆောင် ဥက္ကဌက စစ်တပ်က ဒု ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်နေတော့ သူ့တယောက်တည်း ဆန္ဒနဲ့ လုပ်နိုင်တာလည်း မဟုတ်ဘူး။ တပ်မတော်က ဦးဆောင်ထားတာကိုး။ အခုလောလောဆယ်ကတော့ RCSS/SSA နဲ့ အစိုးရ ပူးတွဲလုပ်နိုင်ဖို့ ဆိုလိုရှိရင်တော့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲကို အရင်စောင့်ရမယ်” ဟု ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို တဖက်ကနေ လုပ်ကိုင်နေခြင်း သကဲ့သို့ ဖွံ့ဖြိုးရေး လုပ်ငန်းများလည်း လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ကဏ္ဍနှစ်ရပ်စလုံးအတွက် ဆောင်ရွက်ရာတွင် ငွေကြေး မလုံးမလောက်မှုများ ကြုံတွေ့ရသည်ဟု နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ ပြောကြားချက်ကို ကိုးကား၍ ဦးခွန်စိုင်းက ပြောသည်။

ယခုနှစ်ကုန်ပိုင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကြေးအခက်အခဲများကို ဖြေရှင်းနိုင်မည်ဟု ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ပြောပြကြောင်း ၎င်းက ဆိုသည်။

“သူပြောတာကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ အဓိက တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးဟာ အတူတူ တွဲလုပ်သွားရမှာ ဖြစ်တယ်၊ အခု လောလောဆယ် တိုက်ဖျက်ရေးပဲ လုပ်နိုင်တယ်၊ ဖွံ့ဖြိုးရေး မလုပ်နိုင်ဘူး။ အဲဒီကိစ္စကို အတော်အလေးထား ပြောသွားတယ်” ဟု ဦးခွန်စိုင်းက ရှင်းပြသည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၁၂ ချက် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များကို အစိုးရဘက်မှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဝန်ကြီး ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ် ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ပေါင်ခေးတို့က သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။

သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်သည်။ ( by ဧရာဝတီ )

မသန်စွမ်း ဥပဒေမူကြမ်း ၂၀၁၄ နှစ်ဆန်းတွင် လွှတ်တော်တင်မည်

မသန်စွမ်း, ဥပဒေ, လွှတ်တော်
မသန်စွမ်းသူများကို ကာကွယ်ပေးမည့် ဥပဒေတရပ်ကို လာမည့်
ဇန်နဝါရီတွင် လွှတ်တော်သို့ တင်သွင်းမည် (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)

မသန်စွမ်းသူများ၏ လူ့အခွင့်အရေး၊ ရပိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် နိုင်ငံတော်အဆင့် မသန်စွမ်း ဗဟိုအဖွဲ့
အစည်း တည်ထောင်ခွင့် စသည့် အချက်အလက်များ ပါဝင်သည့် မသန်စွမ်း ဥပဒေမူကြမ်းကို လာမည့် ဇန်နဝါရီတွင် လွှတ်တော်သို့ တင်ပြသွားရန် ရှိကြောင်း သိရသည်။

“ဥပဒေမူကြမ်းကို ဌာနရဲ့ အစီအစဉ်နဲ့ လွှတ်တော်မှာ တင်ပေးမယ်လို့ သိထားတယ်၊ လက်ရှိမှာက ဥပဒေ မရှိဘူးဆိုတော့ မသန်စွမ်းသူတွေ ဘက်က တခုခုဖြစ်လာပြီ ဆိုရင် ဘာမှပြောလို့မရဘူး။ ဥပဒေ ပေါ်ပေါက်လာရင်တော့ သက်သေနဲ့တကွ ပြောဆိုခွင့်တွေ ရလာမှာ” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီအစဉ် ဒါရိုက်တာ ကိုနေလင်းစိုးက ဧရာဝတီသို့ ပြောသည်။

ဥပဒေမူကြမ်းတွင် အခန်း ၁၇ ခန်း ပါဝင်ပြီး မွေးရာပါ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ မသန်စွမ်းသူများ အတွက် ပြန်လည် ထူထောင်ရေး၊ အများနည်းတူ တန်းတူ ပညာသင်ကြားခွင့်၊ ခွဲခြား ဆက်ဆံခံရမှု ပပျောက်ရေး၊ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်၊ မသန်စွမ်းသူများ အတွက် သယ်ယူ ပို့ဆောင်ရေးကိစ္စ၊ ဉာဏ်ရည် မမီသော ကလေးသူငယ်များ ကိစ္စ၊ အမှုအခင်း ရင်ဆိုင်ရချိန်တွင် ရပိုင်ခွင့်နှင့် နိုင်ငံတော်အဆင့် ဗဟိုအဖွဲ့အစည်း ဖွဲ့စည်းခွင့် စသည့် အချက်အလက်များကို ဥပဒေ ပညာရှင်များနှင့် တိုင်ပင်ကာ ရေးဆွဲထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့
ပေးပို့ထားကြောင်း သိရသည်။

“အစိုးရပိုင်းက နေပြီးတော့ မသန်စွမ်း သူတွေနဲ့ ပတ်သက်တဲ့ အထောက်အပံ့ ပြုမှုတွေ အရမ်း အားနည်းနေသလို နိုင်ငံတကာမှာ နောက်ဆုံးအဆင့် ရောက်နေတယ်ဆိုတာ လွှတ်တော်ထဲ သွားခဲ့တုန်းကလည်း လူကြီးတွေကိုယ်တိုင် ဝန်ခံပြီးသားပါ” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်မှ အစီအစဉ် ဒါရိုက်တာ ကိုနေလင်းစိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများသည် သာမန်လူများကဲ့သို့ တန်းတူအခွင့်အရေး မရရှိကြသေးဘဲ အစိုးရပိုင်းမှ ထောက်ပံ့ ပေးမှုများမှာလည်း အားနည်းလျှက်ရှိသဖြင့် အဆိုပါ ဥပဒေကြမ်း ပေါ်ပေါက်လာမည် ဆိုပါက မသန်စွမ်းသူများ အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် အထောက်အကူ ပြုလာနိုင်မည်ဟု သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မသန်စွမ်းသူများ အတွက် အစိုးရက တလလျှင် ဘတ် ၅၀၀ ထောက်ပံ့ကြေး ပေးနေသလို တခြားနိုင်ငံများ တွင်လည်း မသန်စွမ်းသူများ အတွက် အထောက်အပံ့ ဆောင်ရွက်နေမှုများ ရှိနေသော်လည်း
မြန်မာနိုင်ငံတွင် နိုင်ငံ၏ စီးပွားရေး အခြေအနေကြောင့် လည်းကောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် လည်းကောင်း မသန်စွမ်း သူများအတွက် အထောက်အပံ့များ လုံးဝ မရှိသေးကြောင်း ကိုနေလင်းစိုးက သုံးသပ်သည်။

မသန်စွမ်းသူများသည် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်သွားလာမှု စသည့် အခြေအနေများတွင်
ခွဲခြား ဆက်ဆံမှုများစွာ ရှိနေကြောင်း၊ အစိုးရဌာနများ၊ ကုမ္ပဏီများက အလုပ် ခေါ်ယူရာတွင်လည်း ကျန်းမာ သန်စွမ်းရန် လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြချက်သည် မသန်စွမ်းသူများကို ပယ်ထားရာ ရောက်နေကြောင်း၊ မတရား ဖိနှိပ် အနိုင်ကျင့် ခံရမှု များစွာလည်း သာမန်လူများထက် ပိုမိုခံစားရကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်က လူမှုဝန်ထမ်း ဦးစီးဌာနနှင့် The Leprosy Mission Myanmar တို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ လူဦးရေ သန်း ၅၀ တွင် မသန်စွမ်းသူ ဦးရေ ၁ ဒဿမ ၃ သိန်းခန့် ရှိကြောင်း၊ လူဦးရေ သန်း ၆၀ ဖြစ်မည်
ဆိုပါက မသန်စွမ်းသူ ဦးရေ ၁ ဒဿမ ၅ သိန်းခန့် ရှိနိုင်ကြောင်း သိရသည်။
Credit  မေစစ်ပိုင်/ ဧရာဝတီ | December 31, 2013