Thursday, December 12, 2013
အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ တစ်ရှိန်ထိုးလျော့ကျလာ Written by သီဟကိုကို
အုတ်ဖုတ်လုပ်ငန်းများ ရပ်နားလာမှုများပြားလာခြင်းကြောင့် ကုန်ပစ္စည်းရှားပါးလာပြီး ဈေးနှုန်းများပါ မြင့်တက်လာနေကြောင်း အဆိုပါလုပ်ငန်းအသိုင်းအ၀ိုင်းက မဇ္ဈိမသို့ပြောသည်။
အုတ်ဖုတ်လုပ်ငန်းများအနက်မှ ၉၀ ရာခိုင်နှုန်းသည် တရားဝင်လုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင်နေကြ ခြင်းဖြစ်ရာ တရားမ၀င်အုတ်လုပ်ငန်းများအား အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် တင်းကျပ်စွာ ကိုင်တွယ်လာခြင်းကြောင့် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ အလွန်နည်းပါးလာခြင်းဖြစ်ကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူ ဦးဘတင့်ဆွေက မဇ္ဈိမသို့ပြောကြားသည်။
ဦးဘတင့်ဆွေက “အုတ်လုပ်ငန်းတွေ တဖြည်းဖြည်းရပ်လာတော့ အုတ်တွေကရှားပြီး ဈေးတက်လာတယ်။ ရေရှည်မှာတော့ ဒီလိုပဲသွားမယ်ဆိုရင် စဉ်းစားစရာကိစ္စဖြစ်လာမယ်။ ဘယ်လောက်ရပ်ဆိုင်း ကုန်တာလဲဆိုတော့ သိသလောက်တော့ အများစုက ရပ်ကုန်တာများတယ်” ဟု ပြောသည်။
အထက်ပါကဲ့သို့ အုတ်ဖုတ်လုပ်ငန်းများ ရပ်ဆိုင်းမှုများပြားလာခြင်းကြောင့် ယခင်နှစ် ဒီဇင်ဘာလ၀န်းကျင်တွင် လက်လုပ်အုတ်တစ်လုံးလျှင် ကျပ် ၇၀ မှ ၈၀ ၀န်းကျင်၊ မိုးတွင်းကာလတွင် တစ်လုံးလျှင် ၇၀ ကျပ်ဝန်းကျင်ဈေးရှိခဲ့ရာမှ ယခုအချိန်တွင် တစ်လုံးလျှင် ကျပ် ၁၀၀ နီးပါးရှိနေကြောင်း တာမွေမြို့နယ်ရှိ အုတ်သဲကျောက်အရောင်းဒိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
အုတ်ဈေးနှုန်း မြင့်တက်မှုကြောင့် လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်အတွက် ထိခိုက်မှုရှိနိုင်သော်လည်း မြေအုတ်အပြင်အခြားသော ပစ္စည်းများကိုပါသုံးစွဲမှု များပြားလာခြင်းကြောင့် ကြီးမားသော ထိခိုက်မှု မရှိနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
စိုင်းခွန်နောင် ဆောက်လုပ်ရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က “ဆောက်လုပ်ရေး လုပ်ငန်းတွေက ဒီနှစ်ပိုင်းတွေမှာ အပြောင်းအလဲတော်တော်များများဖြစ်လာတယ်၊ အခု အသုံးပြုလာတဲ့ တည်ဆောက်မှု နည်းပညာတွေအရ အလူမီနီယံတွေ၊ အင်္ဂတေ အုတ်တွေကို အသုံးပြုမှုများလာတယ်၊ ခုချိန်မှာ မြေအုတ်သုံးတာတွေက နည်းပါးလာပြီ” ဟု ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လက်လုပ်မြေအုတ်ထက် အင်္ဂတေ အုတ်၊ စက်အုတ်များကို သုံးစွဲ မှုပိုမိုများပြားလာနေသည့်အတွက် ရေရှည်တွင် လက်လုပ်မြေအုတ်ဖုတ်လုပ်ငန်းများ လက်ရှိထက်ပင် ပိုမိုလျော့ကျသွားနိုင်ကြောင်း ယင်းက သုံးသပ်ပြောကြားသည်။
အုတ်ဖုတ်လုပ်ငန်းများကို ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးမြို့နယ်များတွင် အများဆုံးလုပ်ကိုင်လျက်ရှိသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment