Pages

Thursday, December 12, 2013

ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ခွင့်အတွက် ကုမ္ပဏီများကို တင်ဒါသစ်ဖြင့် ပြန်ရွေးမည် Written by စ,ချိုကို



မိုဘိုင်းဖုန်းငွေဖြည့်ကတ်ထုတ်လုပ်သည့် ကုမ္ပဏီများကို ပြန်လည်ရွေးချယ်ရေးတင်ဒါသစ်များခေါ်ကာ လုပ်ကိုင်ခွင့်ချထားပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ပြောသည်။

ထိုသို့မိုဘိုင်ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်သည့်ကုမ္ပဏီများကို ပြန်လည်ရွေးချယ်ရာတွင် လက်ရှိလုပ်ကိုင် ခွင့်ရရှိထားသည့် ငွေဖြည့်ကတ်ကုမ္ပဏီများပါ တင်ဒါပြန်လည်လျှောက်ထားမည်ဖြစ်ပြီး လက်ရှိတွင် ဆက်သွယ်ရေးလုပ်ငန်းသို့ ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ရန် တင်ဒါတင်သွင်းထားသည့်ကုမ္ပဏီပေါင်း ၂၁ ခုအထိရှိကြောင်း သိရသည်။

“ငွေဖြည့်ကတ်ထုတ်မယ့်ကုမ္ပဏီတွေကို တင်ဒါခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။ လက်ရှိငွေဖြည့်ကတ် ထုတ်လုပ်ခွင့်ရရှိထားတဲ့ကုမ္ပဏီတွေကလည်း လုပ်ကိုင်ခွင့်အတွက် ပြန်လည်လျှောက်ထားခိုင်းတယ်။ ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့အချက်အလက်နဲ့ ကိုက်ညီတဲ့ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးသွား မယ်”ဟု ဦးကျော်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

လက်ရှိဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ခွင့်ရရှိထားသည့် ကုမ္ပဏီများမှာ Asia Mega Link Co., Ltd.၊Global Telephone Co., Ltd.၊ တာမိုးညဲချမ်းသာထွန်းဝေသာ ကုမ္ပဏီ၊ ရတနာပုံတယ်လီပို့နှင့်Elite Tech IT Services Co., Ltd. တို့ဖြစ်ပြီးGSM နှင့် CDMA ငွေဖြည့်ကတ်နှစ်မျိုးကို ထုတ်လုပ်လျက်ရှိသည်။

ဖုန်းငွေဖြည့်ကတ်များ ရောင်းချရာတွင် ဈေးကွက်အတွင်း၌ မလောက်ငှခြင်း၊ ဖြန့်ဖြူးသည့်စနစ် အား နည်းခြင်း၊ နည်းပညာအားနည်းချက်နှင့် ထုတ်လုပ်သည့် ကုမ္ပဏီအားနည်းချက်များကြောင့် တစ်ခါ တစ်ရံတွင် သုံးစွဲမရသည့်အခြေအနေမျိုး ကြုံတွေ့နေရကြောင်း ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ထောက်ပြဝေဖန်ခဲ့ဖူးသည်။ ထို့ကြောင့် ဈေးကွက်အတွင်း ဖုန်းငွေ ဖြည့်ကတ် ပြတ်လပ်မှုမရှိစေရန် ထုတ်လုပ်သည့်ကုမ္ပဏီများကို ထပ်မံတိုးချဲ့လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း၊ နည်းပညာပိုင်း ပိုမိုမြင့်မားအောင်ပြုလုပ်နိုင်သည့်ကုမ္ပဏီများကို စိစစ်ရွေးချယ် သွားမည်ဖြစ် ကြောင်း ဆက်သွယ်ရေး ဒု-၀န်ကြီး ဦးသောင်းတင်က ပြောသည်။

မကြာသေးမီကလည်း ဈေးကွက်အတွင်း အသုံးပြုပြီးသားငွေဖြည့်ကတ်များကို ခဲပြန်အုပ်ကာ ငွေဖြည့် ကတ်အတုများ ပေါ်ပေါက်လာကြောင်း မိုဘိုင်းဖုန်းဆိုင်များမှတစ်ဆင့် သတင်းများထွက်ပေါ်လာရာ နောက်ပိုင်းတွင် Electronic Charging စနစ်ဖြစ်သည့် e-Top Up စနစ်ကိုလည်း အသုံးပြုသွားနိုင်ရန် အတွက် လုပ်ဆောင်နေကြောင်း ဦးကျော်စိုးဝင်းက ပြောသည်။

“တင်ဒါခေါ်တဲ့နေရာမှာ e-Top Up စနစ်ပါ အသုံးပြုနိုင်ရမယ်ဆိုတဲ့အချက်တွေပါတယ်။ ဒီစနစ်သုံးတဲ့ အခါ အသုံးပြုသူအနေနဲ့လဲဆိုင်မှာ ကိုယ်အသုံးပြုချင်တဲ့ငွေပမာဏကို ပြောပြီးထည့်ခိုင်းတယ်။ မိမိဖုန်း ထဲ ဖုန်းဘီလ်ပြည့်သွားပြီဆိုမှ ဆိုင်ကထွက်ခွာသွားရတော့ Prepaid စနစ်ထက် ပိုမိုအဆင်ပြေပြီး လွယ် ကူစွာ အသုံးပြုနိုင်မှာပါ”ဟု ပြောသည်။

ဖုန်းငွေဖြည့်ကတ်ထုတ်လုပ်ရာတွင် Prepaid ကတ်စနစ်အပြင် e-Top Up စနစ်ကိုပါ အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တင်ဒါတင်သွင်းထားသည့် Amara Communication မှ တာဝန်ရှိသူ ဦးထွန်းထွန်းလင်းက မဇ္ဈိမကို ပြောသည်။

ငွေဖြည့်ကတ်ထုတ်လုပ်မည့်ကုမ္ပဏီများသည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ရောင်းချမည့်ငွေဖြည့်ကတ် များအတွက် ငွေပမာဏကို စပေါ်တင်ထားရမည်ဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်မှုအချက် များအပေါ် အခြေခံကာ ရွေးချယ်သွားမည်ဟု ဦးကျော်စိုးဝင်းက ဆိုသည်။

No comments:

Post a Comment