Pages

Thursday, December 12, 2013

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည် Thursday, December 12, 2013



အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်က အလယ်တန်း ကျောင်းအပ်စဉ်တွင် ကျောင်းလခကြေး၊ မိဘဆရာ အသင်းကြေးနှင့် အားကစား၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး တို့ကို ကောက်ခံခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခကြေး မကောက်ခံဘဲ ကျန်ရန်ပုံငွေ များကိုသာ ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံငွေများနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပေးသွားရန်လည်း ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

အလယ်တန်းအဆင့် ပညာသင် ထောက်ပံ့ကြေးများအတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီ ယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ လာမည့်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း အဆင့်အတွက် ပညာသင်ဆု ငါးဆုစီ တိုးပေးရန် ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
“ပညာရေးဘက်က စီမံကိန်း ဆွဲပြီးပြီ။ ဘတ်ဂျက်ရတဲ့အပေါ် ပြန်ချိတ်ဖို့ပဲ ရှိတော့တာပါ” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက လာမည့် ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းနှင့် စာရွက်သားများကို ပြန်လည် မွမ်းမံထားပြီး ဈေးနှုန်းလည်း ပိုမြင့်သွားနိုင်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း ကျောင်းလခအတွက် ကျပ်ငါးရာ၊ ဆဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ခြောက်ရာ၊ သတ္တမတန်း ကျောင်းလခအတွက် ခုနစ်ရာ၊ အဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ရှစ်ရာ သတ်မှတ်ထားကြောင်း အခြေခံပညာ စာသင်ကျောင်းများထံမှ စုံစမ်းသိရှိရသည်။

Credit The Voice Weekly

No comments:

Post a Comment