Pages

Tuesday, December 24, 2013

ဘားအံဆွေးနွေးပွဲအကြို NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ချင်းမိုင်၌ တွေ့ဆုံရန် စီစဉ်


ဘားအံဆွေးနွေးပွဲ အကြိုညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းနှင့် အလွတ်သဘောတွေ့သည့် သဘောသာဖြစ်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

"တွေ့မယ်ဆိုရင်တော့ ဘားအံဆွေးနွေးပွဲအတွက် အပြင်မှာညှိနှိုင်းတဲ့သဘောပါ။ အဲဒီမှာ ဆွေးနွေးတဲ့အခါကျရင် နားလည်မှုရနိုင်ဖို့ ဘယ်လိုအချက်အလက်တွေက ဘယ်လိုအနှောင့်အယှက် ဖြစ်စေနိုင်သလဲ။ ဘယ်လိုသုံးရင် ကောင်းမလဲစသည်ဖြင့် ကိုယ့်အမြင် သူ့အမြင် နည်းလမ်းရှာကြမယ့်သဘောပါ" ဟု ဦးနိုင်ဟံသာက ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်က NCCT အဖွဲ့ဝင်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်များ ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းများကို ဆွေးနွေးခဲ့ကာ ဘားအံဆွေးနွေးပွဲမတိုင်မီ နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးနိုင်ဟံသာက ပြောကြားသည်။

လာမည့် ဇန်န၀ါရီလအတွင်း ဘားအံမြို့၌ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံရန်စီစဉ်ထားပြီး အဆိုပါပွဲတွင် ၀န်ကြီးဦးအောင်မင်းတို့နှင့် ဆွေးနွေးရမည်မှာ ပြဿနာမရှိသော်လည်း တပ်ဘက်က အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဦးနိုင်ဟံသာက ပြောကြားသည်။
NCCT အဖွဲ့ကို အောက်တိုဘာလ ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ၁၃ ဦးပါဝင်ကြောင်း သိရသည်။
Credit Eleven Media Group

No comments:

Post a Comment