Pages

Tuesday, December 17, 2013

နားလည်မှု အများဆုံးမြို့မှာ ယာဉ်ထိန်းရဲအရာရှိတစ်ယောက် ညရောက်မှာကြောက်နေ





ဗန်းမော် ၊ ဒီဇင်ဘာ ၁၄

          မော်တော်ယာဉ်၊ ထော်လာဂျီ ၊ သုံးဘီးဆိုင်ကယ် များပြားလာသည့်နှင့်အညီယာဉ်အန္တရာယ် ကင်းရှင်းရန်နှင့် ယာဉ်တိုက်မှုများလျော့နည်းပပျောက်စေရန်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ၊ဒုရဲမှူးကြီးဝင်းမြင့် အနီးကပ်ကြီးကြပ်ကွပ်ကဲပြီး ယာဉ်ထိန်းရဲအင်အား (၁၀) ဦးတို့သည် (၁၃.၁၂.၂၀၁၃) နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအချိန်ထိ (၂) နေရာခွဲပြီး ပညာပေးမှု သတိပေးမှုများဆောင်ရွက်ခဲ့ကြရာ သိမ်တော်ကြီးအရှေ့ တွင်ဒုရဲအုပ်စောအောင်စာထွန်း ဦးစီး (၁+၄) မှ ဆိုင်ကယ် (စည်းကမ်းမဲ့) စီးနှင်းမောင်းနှင်သူ ကျား (၃၁) ဦး ၊မ (၂၅) ဦး ၊ စုစုပေါင်း(၅၆) ဦး ၊ ကုက္ကိုတောရပ်ကွက် ရုံးရှေ့ တွင် တပ်ကြပ်ကြီးညီညီအောင် ဦးစီး (၅) ဦးမှ ဆိုင်ကယ် (စည်းကမ်းမဲ့)စီးနှင်းမောင်းနှင်သူ ကျား(၃၄) ဦး ၊ မ(၈) ဦး ၊ စုစုပေါင်း (၄၂) ဦး ၊ (၂) ဖွဲ့စုစုပေါင်း ကျား (၆၅) ဦး ၊ မ (၃၃)ဦးစုစုပေါင်း (၉၈) ဦးအား ဆိုင်ကယ် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုး  တပ်ရန် ၊ ဆိုင်ကယ် အင်္ဂါ ပြည့်စုံရန် ၊ နှစ်ဦးထက်ပိုမစီးရန် ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေ ရန်နှင့် ဒီဇင်ဘာ လကုန်မှစ ၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေး၊ သတိပေးကာ ၊ နာမည်မှတ်တမ်းရယူမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
          “ ဗန်းမော်မြို့ဟာ နေရာတိုင်းမှာ နားလည်မှု တွေနဲ့ပဲလည်ပတ်နေလို့အမိန့်တွေ ကြေငြာ ချက်တွေဘယ်လောက်ထုတ်ထုတ် ဂရုမစိုက်ကြပါဘူး။ငွေပေးရင်- ရန်မလိုဆိုတာလိုကြီးကြီးသေးသေး ဘာပြသာနာပဲဖြစ်ဖြစ် ပုဒ်မလေးအရ ပေးမှလုပ်ကြတာမို့ သင်္ကြန်အမြောက်လိုဖြစ်နေတယ်။ကား ၊ဆိုင်ကယ် ၊သုံးဘီး ၊တနယ်လုံးမှာရှိတဲ့ အစီးရေ (၅) ပုံမှာ (၃) ပုံလောက်က လိုင်စင်မဲ့တွေချည်းပဲ ၊ပြည်နယ်အစိုးရအဖွဲ့ မှတချို့အပါအ၀င် ဌာနဆိုင်ရာလူကြီးတွေကအစလိုင်စင်မဲ့ကား၊ဆိုင်ကယ်တွေ
စီးနေ  မှတော့ တတ်နိုင်တဲ့ ဒေသခံပြည်သူတွေ စီးနေကြတာ မဆန်းပါဘူး။နယ်စပ်ဒေသဖွံ့ဖြိုးတိုး
တက်ရေး ၊ လူနေမှု အဆင့်အတန်းမြင့်မားရေး ၊ ဆင်းရဲသား လျော့ချရေး ၊ လူတိုင်းသွားလာမှု လွယ်ကူစေရေး --- စတဲ့စိတ်ရင်းစေတနာကောင်းတွေ တရားမ၀င်နားလည်မှု တွေနဲ့ပေးလွတ်ထားတယ် ။အရင် တခါလို စိတ်အခန့်မသင့်လို့ လိုင်စင်မဲ့ယာဉ်တွေ ကို ကောက်သိမ်းလိုက်မယ်၊ ကောက်ဖမ်း လိုက်မယ်ဆိုရင် လည်း ဒေသခံတွေခံရမှာပါ။ တတ်နိုင်သူတွေသင်္ဘောမှောက်တာပြသာ နာမရှိပေမဲ့ ၊ ကိုယ်ပိုင်ကား စီးချင်လွန်းလို့ ချေးငှား၊ ပေါင်နှံရောင်းချပြီးဝယ်ထားသူတွေအဖို့ ခွက်ပျောက်ရမဲ့ကိန်းဆိုက် ရမှာပေါ့။ယာဉ် စည်းကမ်း ၊ လမ်းစည်းကမ်းကို အမှန်တကယ်ကိုင်တွယ်မယ်၊ပြစ်မှု ကျူးလွန်သူကို
အစိမ်း၊ အကျက် မရွေး ဥပဒေအတိုင်းအရေးယူအပြစ်ပေးမယ်ဆိုရင် ဘာလို့မရ ရမှာလဲ ။ဝန်ထမ်းတွေ လစာနည်းလို့ ဆိုတဲ့အချက် တခုနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ တရားဝင်လုပ်ငန်းပမာ လစ်လျူရှုထား ကြတယ်။အတိုင်းအတာထက်လွန်လွန်းအားကြီးလို့ တိုင်ကြတောကြရင်လည်း သတိပေးဆုံးမလိုက်မယ် ။အလွန်ဆုံးနယ်ပြောင်းပေးလိုက်မယ်ဆိုတာလောက်ပဲလုပ်လေ့ရှိတာမို့အသင့်ရဲစွာနဲ့လာဘ်စားဖို့ဆိုတာ    ကို မစိုးရိမ်မကြောက်ကြတော့သလိုလာဘ်ပေးလာဘ်ယူလုပ်ပြီးဥပဒေပြင်ပကအလုပ်တွေလုပ်ဖို့ကိုလည်း   ၀န်မလေးကြတော့ဘူးပေါ့”ဟု လွယ်ဂျယ်လမ်း ပါဂျရိုကားမောင်းသူတစ်ဦးကဆို၏။
          “ဒီမိုကရေစီ အပြောင်းအလဲအရွေ့မှာ ပြည်သူတွေကယာဉ်ထိန်းတွေကိုအဆိုးမြင်နေကြဆဲပဲ ။နှစ်ပေါင်းများစွာခေါက်ရိုးကျိုးခဲ့တဲ့အမူအကျင့်တွေဆိုတာဥုံဖွဆိုပြီးချက်ချင်းပြောင်းလဲဖို့တစ်ချို့ကိစ္စတွေ
မှာ  မလွယ်သေးပါဘူး။တဖြည်းဖြည်းနဲ့ ပြောင်းလဲစပြုနေကြပါပြီ။ကျနော်တာဝန်ကျခဲ့ဖူးတဲ့ မြို့တွေထဲမှာ ဒီမြို့က အဆိုးဆုံးပါပဲ။ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာဖို့ အမုန်းခံပြီးပြောတယ် ၊ လုပ်နေတယ် ။လိုင်စင်မရှိတဲ့သူကမောင်းချင်သလိုမောင်းနေကြသလို ၊ လိုင်စင်ရှိသူတွေကလည်း ယာဉ်စည်းကမ်းလမ်း စည်းကမ်းနားမလည်ပဲနဲ့မောင်းနေကြတယ်။ယာဉ်မောင်းလိုင်စင်ကို ဘယ်လိုလုပ်ပြီး ရခဲ့တယ်မပြောတတ် ဘူး။ လွန်ခဲ့တဲ့လက ပါရဒိုကားဖြူတစ်စီးမီးပွိုင့်မီးနီပြနေချိန် ခပ်တည်တည်နဲ့ဖြတ်မောင်း သွားတယ်။ကြည့် လိုက်တော့မြို့မျက်နှာဖုံးငွေရှိတဲ့အမျိုးသမီးတစ်ယောက် ၊ သတ်နိုင်လို့ ဘာကားပဲဝယ်စီးစီးပါ၊ဥပဒေနဲ့ စည်းကမ်းကို နားလည်လိုက်နာရမှာပေါ့။ ပြီးတော့ကျနော်တို့တွေ ငွေအကုန်အကျခံပြီးလုပ်ထားတဲ့ သတိပေး ၊ ပညာပေးတဲ့ဆိုင်းဘုတ်တွေ၊ဗီနိုင်းတွေကိုတန်ဆောင်တိုင်ညက လိုက်ဖျက်ဆီးကြတယ်။ လိုက်ဖြဲကြတယ်။စည်းကမ်း ၊ဥပဒေကိုမလိုက်နာတဲ့အပြင် ခုလိုလိုက်ဖျက်ဆီးတာက ဘာအဓိပ္ပာယ် ရှိလို့လဲ။အသိတရားအားနည်းကြတာကို ဒီမြို့သားတစ်ယောက်အနေနဲ့ အလွန်ရှက်ဖို့ကောင်း တယ်။ဆိုင်ကယ်မဆင်မခြင်မောင်းလို့ မူးယစ်သောက်စားလို့သေကျေဒဏ်ရာရတဲ့အမှု့မျိုး ဒီဇင်ဘာလ
ဆန်းက စပြီး ဒီနေ့အထိ တမှု မှ ရောက်မလာဘူး။ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့ သတိပေး ၊ပညာပေး စွမ်းဆောင်မှုတွေ ရဲ့ ရလဒ်ပေါ့။အရင်ကဆိုရင် တိုက်ကြ၊ မှောက်ကြ၊ သေကြေ ဒဏ်ရာရတာကို တိုင်းလိုလိုရှိတာကြောင့်ညရောက်မှာကိုကြောက်နေမိသလိုပဲ ၊တကယ်တော့ ယာဉ်စည်းကမ်း ၊ လမ်းစည်း ကမ်းလိုက်နာဖို့ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ ကျနော်တို့လုပ်ဆောင်နေတယ်ဆိုတာ ပြည်သူတွေအတွက်ပါ (ရီရမလို ၊ဒေါသထွက်ရမလိုကြုံတွေ့ရတာလေး တခုကို ပြောရရင် ယာဉ်ထိန်းရဲတွေကို ရှောင် ကွင်း သွားလေ့ ရှိတတ်ပေမယ့် ၊ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဆိုင်ကယ် ဦးထုပ် အခမဲ့ဝေပေးတဲ့ မနက်က “အပြာရောင်ပေးပါ ၊ အနီရောင်ပေးပါ” ဆိုပြီးအလုအယက်နဲ့ဝိုင်းအုံလာကြတယ်။ ဦးထုပ်လဲရ သွားရော ဝေပေးသူတွေကိုမှ အားမနာ မရှက်မကြောက် ကြပဲ ၊ ဦးထုပ်ကိုလက်ကကိုင်ပြီး ဆိုင်ကယ်မောင်း ထွက်သွားကြတယ်) ဟုယာဉ်ထိန်းတာဝန်ခံ ဒုရဲအုပ် စောအောင်စောထွန်းကပြောတယ်။
          ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် ရပ်ကွက်/ကျောင်းများတွင် ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်း ပညာပေးဟောပြောခြင်း ၊ လက်ကမ်းစာရွက်များဝေငှခြင်း ၊ ၃.၅ လက္မ × ၁.၅ လက္မအရွယ် အ၀ါရောင် (ရောင်ပြန်)ပေါ်အနီရောင် ဖြင့် (သင့်အန္တရာယ်အတွက်ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ) သတိပေး စတစ်ကာများကို လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်များပေါ်တွင်ကပ်ပေး၍ သတိပေးခြင်း ယာဉ် တိုက်မှုကြောင့်သေဆုံးရသော ဓာတ်ပုံ ဗီနိုင်းပိုစတာကြီးများ နေရာ အနှံလိုက်လံစိုက်ထူခြင်း စသည် များဖြင့် အသိပညာပေးဆောင်ရွက်ခဲ့သလို ခရိုင်ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီမှ ကားဖြင့်လှည့်လည် ၍ အသိပေးနိုးဆော်ချက်များ အပတ်စဉ်လုပ်နေကြောင်း စုံစမ်းသိရှိရသည်။
          ဒီဇင်ဘာ လကုန်မှစ ၍ စတင်အရေးယူမည်ဟု အသိပေးပေမဲ့ ယာဉ် စည်းကမ်း ၊ လမ်းစည်းကမ်း များမှာ အောက်ပိုင်းဒေသများတွင် တစ်မျိုးဖြစ်နေကြောင်း ၊ ဗန်းမော်တွင်စည်းကမ်းမဲ့သလောက် ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ဦးထုပ်မဆောင်ပဲ လမ်းပေါ် လုံးဝမထွက်ကြကြောင်း သိရပြီးပြည်နယ် ၀န်ကြီးချုပ်၏ညွန်ကြားချက်ရောက်မှ အရေးယူလို့ရမည်ဟုလည်း ထပ်မံစုံစမ်းသိရှိရသည်။
          ၂၀၁၃ ၊ဇန်နာဝါရီလဆန်းမှ နိုဝင်ဘာ လကုန်အထိ ဗန်းမော်ခရိုင်အတွင်း ယာဉ်တိုက်မှုများ ၊တိမ်း
မှောက်မှုများရှိခဲ့ရာ ကျား (၉၀) ဦး ၊ မ (၅၄)ဦး ၊စုစုပေါင်း (၁၄၄) ဦးတွင် သေဆုံးသူမှာ ကျား(၂၄) ဦး ၊မ
(၁၃) ဦး စုစုပေါင်း (၃၇) ဦးရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။
                                                                                                ဦးဥိးငြိမ်း(ဗန်းမော်)

No comments:

Post a Comment