အမေရိကန်ပြည်ထောင်စုနှင့် ရာစုနှစ် ထက်ဝက်ကြာ ဆက်ဆံရေး တင်းမာနေသော ကျူးဘားနိုင်ငံတို့၏ နှစ်နိုင်ငံခေါင်းဆောင်များ တောင်အာဖရိက အမျိုးသားခေါင်းဆောင်ကြီး နယ်ဆင်မင်ဒဲလား၏ ဈာပနာအခမ်း အနားတွင် တွေ့ဆုံခဲ့ကြကာ အပြန်အလှန် လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက် ခဲ့ကြပြီး အမေရိကန်၏ ရန်လိုမှုများ လျော့ပါး စေမည့် မျှော်လင့်ချက်ဖြစ်သည်ဟု ကျူးဘားအစိုးရ အင်တာနက်စာမျက်နှာက ဖော်ပြထားသည်။
အမေရိကန်သမ္မတ အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုတို့ လမ်းတွင် တွေ့ပြီး အထက်ပါ အတိုင်း နှုတ်ဆက်ခဲ့ကြခြင်းမှာ ကြိုတင်ပြင်ဆင်ထားခြင်း မဟုတ်ကြောင်း အိမ်ဖြူတော်အရာရှိ တစ်ဦးက ပြောကြားသည်။
နယ်ဆင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားသို့ မတက်ရောက်ခင် လမ်းတွင် တွေ့ဆုံကြရာ၌ အိုဘားမားက စတင်ပြီး လက်ဆွဲနှုတ်ဆက်ရန် စတင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် အိုဘားမားသည် နယ်ဆင်မင်ဒဲလား အမှတ်တရစကား ပြောကြားရာ၌ မင်ဒဲလားကို အမှန်တကယ် ဂုဏ်ပြုခြင်းမှာ မိမိတိုင်းပြည်တွင် လွတ်လပ်ခွင့် ပိတ်ပင်ထားသော အတားအဆီးများကို ဖယ်ရှားပေးခြင်း ဖြစ်ကြောင်း ကျူးဘားကဲ့သို့သော တိုင်းပြည်များကို ရည်ရွယ်ပြီး ပြောကြားသွားခဲ့သည်။
အိုဘားမားနှင့် ကျူးဘားကို တည်ထောင်သူ ခေါင်းဆောင်ဟောင်း ဖီဒယ်ကတ်စရို၏ညီ၊ လက်ရှိသမ္မတ ရာအူးလ် ကက်စထရိုတို့ အပြန်အလှန် လက်ဆွဲနှုတ်ဆက် ခြင်းကို ကမ္ဘာအနှံ့မှ ရုပ်မြင်သံကြားဖြင့် တိုက်ရိုက် ကြည့်ရှုနေကြသူ သန်းပေါင်းများစွာက မြင်တွေ့ခဲ့ရသည်။
ကျူးဘားအစိုးရက ယင်းလုပ်ရပ်ကို မျှော်လင့်ချက်ရှိလာသည်ဟု မြင်ကြပြီး အစိုးရ အင်တာနက် စာမျက်နှာတွင် "ယခု လုပ်ရပ်ဟာ အမေရိကန်၏ ရန်လိုမှုများ ပြီးဆုံးခြင်း ခြေလှမ်းအစ ဖြစ်ပါစေ" ဟု ရေးတင်ထားသည်။ ကျူးဘား - အမေရိက ဆက်ဆံရေးတွင် အဓိပ္ပာယ်ပြည့်ဝသော ပြန်လည် ပြေလည်မှု ဟုတ်မဟုတ် ကိုမူ ရှင်းလင်းစွာ သိရှိရသေးခြင်း မရှိပေ။
အိုဘားမားသည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ရာ၌ ကတိစကားအဖြစ် အမေရိက၏ ရန်သူများကို သမ္မတ တစ်ဦးအနေနှင့် တိုက်ရိုက် ညှိနှိုင်းမည်ဖြစ် ကြောင်း ပြောကြားထားသည်။
မကြာသေးခင် ကလည်း သမ္မတအိုဘားမားသည် သံတမန်အဆက်အသွယ် ဖြတ်ထားသော အီရန်နိုင်ငံ၏ သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် တယ်လီဖုန်း ဆက်သွယ် စကားပြောခဲ့သည်။
"အမေရိကန် နိုင်ငံသားတွေကို ထောင်ထဲ ထည့်ထားတဲ့လူကို ဘာဖြစ်လို့ သွားပြီး လက်ဆွဲနှုတ်ဆက်ရတာလဲ" ဟု ဝါရှင်တန်မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြစ်တင်ပြောဆို လိုက်သည်။
Credit the Voice Weekly

No comments:
Post a Comment