Pages

Sunday, December 8, 2013

သမ္မတအရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ)ပါဝင်သည့် အခြေခံဥပဒေ ပြင်ဆင်ရန် အကြံပြုချက် ၂၆၁ ချက် ရောက်ရှိနေပြီဖြစ်ကြောင်း လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ထုတ်ပြန် Sunday, 08 December 2013 01:32


နိုင်ငံတော်သမ္မတအရည်အချင်းဆိုင်ရာပုဒ်မ၅၉(စ)ပါဝင်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၃)ကို ပြင်ဆင်ရန် အကြံပြုချက်၂၆၁ချက် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ ပြည်သူလူထု၊ ပါတီအဖွဲ့အစည်း အသီးသီးနှင့် အသင်းအဖွဲ့အသီးသီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အကြံပြုစာပေါင်း ၄၄၀ ရောက်ရှိခဲ့ပြီး အကြံပြုချက် စုစုပေါင်း ၂၅၀၅ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရရှိခဲ့သည့် အကြံပြုချက်များအနက် အခန်း(၁)တွင် အကြံပြုချက် ၅၉၃ ချက်၊ အခန်း(၂)တွင် အကြံပြုချက် ၃၆ ချက်၊ အခန်း(၃)တွင် အကြံပြုချက် ၂၆၁ချက်၊အခန်း(၄)တွင်အကြံပြုချက်၃၀၉ချက်စသည်ဖြင့်အခန်းအလိုက် အကြံပြုချက်များ ရရှိခဲ့ကြောင်း သိရသည်။

အကြံပြုချက် ၂၆၁ ချက် ရရှိခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃)တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်နေသော ပုဒ်မ ၅၉ (စ)ဖြစ်သည့် "မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ"ဆိုသည့်အချက် ပါဝင်နေသည်။
ကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံသည့်အချိန်ကို ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇန်န ၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းသွားမည်ဟု သိရသည်။
ဒီဇင်ဘာ၃၁ရက်အထိဆက်လက် ရောက်ရှိလာသည့်အကြံပြုစာများကိုလည်းသတ်မှတ်ကာလ နောက်ပိုင်းတွင် ဆက်လက် စိစစ်ခွဲခြား ဆောင်ရွက်သွားမည်ဟု သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားထားသည်။
လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အစီရင်ခံစာကို တင်သွင်းသွားရန်ရှိပြီး လက်ရှိအချိန်တွင် ၎င်းင်းအဖွဲ့အစည်းနှစ်ခု၏ အစီရင်ခံစာသည် ကော်မတီသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

 နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ တက်ရောက်လာသူများက ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ထောင်ဆန္ဒပြုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

No comments:

Post a Comment