Pages

Monday, November 25, 2013

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု 25/Nov/2013

မြန်မာနိုင်ငံ၏ ပထမဆုံး နှစ်ထပ် ခုံးကျော်တံတား (တတိယအလွှာ) ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း အဆိုပါတံတားကို တာဝန်ယူ တည်ဆောက်ပေးလျက် ရှိသော FMI ကုမ္ပဏီ၏ စီမံကိန်းအင်ဂျင်နီယာ ဦးထွန်းနိုင်ဦးက ပြောကြားသည်။ အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်တည်ဆောက်ခဲ့သည့် ဘုရင့်နောင်လမ်းဆုံရှိ အဆိုပါ နှစ်ထပ်တံတား ဆောက်လုပ်မှု တစ်နှစ်ကျော် အကြာတွင် မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ “တံတားက အကုန်ပြီးသွားပြီ။ အောက်နားက ရေပိုက်လေးတွေ ဆက်စရာပဲ ရှိတော့တယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ တတိယအလွှာ တံတားသည် သမိုင်းဘူတာရုံလမ်းနှင့် လှိုင်သာယာမြို့နယ်တို့ကို ဆက်သွယ်ထားပြီး အင်းစိန်နှင့် ရန်ကုန်မြို့ထဲကို ဆက်သွယ်ပေးထားသော ဒုတိယအလွှာ တံတား၏ အပေါ်မှ ဖြတ်ကျော် ဆောက်လုပ်ထားသော တံတားတစ်စင်း ဖြစ်သည်။ “ဒီမှာက တံတားက နှစ်စင်းဆိုတော့ အပေါ်က အသွား၊ အပြန် နှစ်လမ်း၊ အောက်က နှစ်လမ်းစီလေ။ အဲဒါဆိုတော့ သွားရတာ တခြား ခုံးကျော်တံတားတွေ ထက်စာရင် ပိုပြီး ယာဉ်ကြော ရှင်းနိုင်တယ်။ ကားသမားတွေအတွက် အဆင်ပြေသွားနိုင်တယ်” ဟု အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။ တတိယအလွှာ တံတား (Third Layer) ၏ အောက်မှ ဒုတိယအလွှာ တံတား (Second Layer) ကို အောက်တိုဘာလ ၃၁ ရက် နံနက် ၉ နာရီမှ စတင်ဖြတ်သန်း သွားလာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တံတားနှစ်စင်းကို တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသော FMI ကုမ္ပဏီထံမှ သိရသည်။ ယခုဖွင့်လှစ်သည့် တံတား၏ အရှည်မှာ ၂၄၁၃ ပေ ၁၀ လက်မ (၇၃၆ မီတာ) ရှိပြီး အမြင့်ဆုံး ခံနိုင်ဝန် တန် ၆၀ ထိ ခံနိုင်၍ မြေပြင်မှ တံတားအမြင့်ပေသည် ၄၇ ပေ ၄ လက်မ (၁၄ ဒသမ ၄၂၉ မီတာ) ရှိကြောင်း တံတားဆောက်လုပ်မှု မှတ်တမ်းများအရ သိရသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတား သုံးစင်း တည်ဆောက်ခဲ့ရာ ဘုရင့်နောင်နှင့် လှည်းတန်း ခုံးကျော်တံတား တို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ကျန်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာမူ အသုံးပြုနိုင်မည့် ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment