ပထမအကြိမ်
တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ (လိုင်ဇာ) က ချမှတ်သည့် မူဘောင်များကို
အပြီးသတ် အကောင်အထည် ဖော်ရန် ဒုတိယအကြိမ် ကျင်းပမည့် တိုင်းရင်းသား
လက်နက်ကိုင် ညီလာခံကို KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ လေးဝါးစခန်း၌
ဒီဇင်ဘာလ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ထံမှ သိရသည်။
ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို လေးဝါး (ခေါ်) လော်ခီးလာ စခန်း၌ ကျင်းပရန် စီစဉ်ထားပြီး ကျင်းပမည့်ရက် အတိအကျကိုမူ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း KNU အဖွဲ့မှ ဖဒိုဒေးဗစ်သာကပေါက အတည်ပြုသည်။
“ဒီဇင်ဘာ အတွင်းတော့ သေချာပါတယ်။ အဲဒီကပြီးရင် ဘားအံမှာ အစိုးရနဲ့ ဆက်ဆွေးနွေးရမှာပေါ့” ဟု ၎င်းကဆိုသည်။
KNU က အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးတွင် လိုင်ဇာ သဘောတူညီချက်အပြင် အစိုးရက မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသား အဖွဲ့များထံ ပေးအပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ် (မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။
အဆိုပါ စာချုပ် မူကြမ်းတွင် ပါရှိသည့် အဓိက အချက်များကို တိုင်းရင်းသား အဖွဲ့များက လက်မခံကြောင်း၊ ယင်းအချက်များကို တိုင်းရင်းသား လက်နက်ကိုင် အားလုံး ဆွေးနွေး၍ အစိုးရအဖွဲ့ထံ တင်ပြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်ရန် အတွက် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံ၍ အကြိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးချက်များမှာ အပစ်အခတ် ရပ်စဲရေးအတွက် အထောက်အကူ ဖြစ်ကြောင်း UNFC က ဆိုသည်။
သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု နိုင်ငံတကာ သို့ ကြေညာထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဒုတိယအကြိမ် တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲ အပေါ်၌ အဓိက မူတည်လျက် ရှိပြီး ၂၀၁၄ ခုနှစ် အတွင်းမှသာ စာချုပ် ချုပ်ဆိုနိုင်မည်ဟု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးက ခန့်မှန်းထားသည်။

Credit The Voice Weekly

No comments:
Post a Comment