Pages

Sunday, November 24, 2013

ဒီချုပ်ဖွဲ့စည်းပုံ စည်းမျဉ်း၊ ပါတီပြုရေးနှင့် နိုင်ငံရေး လေသင်တုန်း Created on Sunday, 24 November 2013 16:42 Written by ဒေါက်တာရန်မျိုးသိမ်း

နေပြည်တော်၌ နိုဝင်ဘာ တတိယပတ်က NLD ပါတီက ပြုလုပ်ခဲ့သော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

လူပုဂ္ဂိုလ် အခြေပြု ပါတီပြုရေးသည် လွယ်ကူသော်လည်း မူဝါဒ အခြေပြု ပါတီပြုရေးသည် အလွန်အမင်း ခက်ခဲလေ့ ရှိသည်။ နိုင်ငံရေး မူဝါဒ၊ လမ်းစဉ်အပေါ် အခြေပြုသော ပါတီပြုရေးသည် လူပုဂ္ဂိုလ် အခြေပြု ပါတီပြုရေးထက် ပိုမိုအားကောင်းပြီး ရေရှည်အကျိုး ရှိနိုင်သည်။ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းသည် ပါတီ၏ ရှေ့ဆောင်ကျမ်းလည်းဖြစ်ပြီး မူဝါဒ၊ လမ်းစဉ်အခြေပြု ပါတီပြုရေးတွင် ပါတီ၏ ကျောရိုးလည်း ဖြစ်သည်။ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းအထက်တွင် မည်သူမျှ မရှိရဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ပါတီပြုရေးကို မောင်းနှင်ရမည် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် နံပါတ်တစ် လူထုထောက်ခံမှုကို ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီပြုရေး အပိုင်းတွင် နိုင်ငံရေး လေသင်တုန်း ဖြတ်ကောင်းဆဲ ဖြစ်သည်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ နိုင်ငံလုံးဆိုင်ရာ အဆင့်ဆင့် ညီလာခံများ ကျင်းပလျက် ပါတီပြုခဲ့ပြီး ပါတီခေါင်းဆောင် အဆင့်ဆင့်ကို ရွေးချယ်ဖွဲ့စည်း ခဲ့လင့်ကစား ဒီချုပ်သည် နိုင်ငံရေးအရ တရွတ်ဆွဲဆဲ၊ လေဖြန်းနေဆဲ ဖြစ်သည်ကို ၀မ်းနည်းဖွယ် မြင်တွေ့ရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် ဒီချုပ်ခေါင်းဆောင်များသည် ပါတီအဖွဲ့အစည်း အဆင့်ဆင့်၌ နိုင်ငံရေး ပြန်လည်သန်စွမ်းရေးကို ရေတို၊ ရေရှည် စီမံချက်များ ချမှတ်ဖော်ဆောင်ရန် အလွန်အမင်း လိုအပ်လျက်ရှိကြောင်း ဆော်သြရခြင်း ဖြစ်ပါသည်။

နိုင်ငံရေး တလင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းနှင့်ပန်းဖြစ်အောင် လုပ်ယူရဦးမည် ဖြစ်သည်။ လက်ရှိကာလတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး ယုံကြည်ထောက်ခံမှုကို အကြောင်းပြုလျက် ကျွဲကူးရေပါ ဒီချုပ်ကိုလည်း ထောက်ခံနေကြသည့် သဘောဖြစ်သည်ကို မျက်ခြည်မပြတ်ရန် လိုအပ်သည်။ ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တူမမြင်နိုင် သေးသည်ကိုလည်း အရှိအတိုင်း သုံးသပ်နိုင်ရန် လိုအပ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒီချုပ်ကို ပစ်ချ၊ မနက်ဖြန် ပါတီအသစ် ထောင်မည်ဆိုလျှင် ယနေ့ ဒီချုပ်သည် အဆုံးသတ်ပြီး မနက်ဖြန် ပါတီသစ်သည် ရုတ်ခြည်းအားကောင်း လာမည်ဖြစ်သည့် နိုင်ငံရေး အရှိတရားကိုလည်း မျက်ခြည်မပြတ်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဒီချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလုံးစုံ မှီခိုနေရပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဒီချုပ်၏ တစ်ခုတည်းသော ၀င်ရိုးကြီး ဖြစ်လာနေသည်မှာ ရေရှည်နိုင်ငံရေး အကျိုးအတွက် စိုးရိမ်ရေမှတ်ပင် ဖြစ်သည်။

ပါတီဝင် များရေးဟူသော မူအပေါ် အခြေပြုလျက် ဒီချုပ်သည် ပါတီဝင်သစ်များ စုဆောင်းသောအခါ ပါတီဝင်သိန်းချီ အလုံးအရင်း ၀င်ရောက်ခဲ့သော်လည်း ပါတီဝင်များကို အဆင့်အတန်း သတ်မှတ်ခြင်း၊ ပါတီဝင်များ၏ အရည်အချင်း သတ်မှတ်ခြင်း၊ ပါတီဝင်များ စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပွယောင်းယောင်း ပါတီအဖြစ် နိုင်ငံရေး လေသင်တုန်းကို ကုစားနိုင်ခြေ နည်းပါးနေဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ပါတီဝင်အင်အား သိန်းချီများရေးထက် ပါတီအပေါ် လူထုထောက်ခံမှု မြင့်မားရေး၊ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်းလွတ်လျက် ပါတီအပေါ် လူထုထောက်ခံမှု မြင့်မားရေးကို ပုံဖော်နိုင်မှသာ နိုင်ငံရေး လေသင်တုန်းသည် ခုသာခံသာရှိမည် ဖြစ်သည်။
ဒီချုပ်ပါတီအပေါ် ပြည်သူလူထု၏ ထောက်ခံမှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုနှင့် တန်းတူရည်တူဖြစ်အောင် ပါတီပြုနိုင်ရမည့်အပြင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းသစ်နှင့်အညီ ဒီချုပ်ပါတီသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အပြောင်းအလဲကို ရေရှည်အမြင်ဖြင့် ဗျူဟာမြောက် ဦးဆောင်နိုင်မှသာ နိုင်ငံရေး လေသင်တုန်းကို မနှေးအမြန် ကုစားနိုင်မည် ဖြစ် . . . .

ပါတီစည်းရုံးရေးဆိုင်ရာ မူဝါဒ၊ လမ်းစဉ်နှင့် လုပ်ငန်းစဉ်တို့ လွဲမှားလျှင် ဒီချုပ်သည် နိုင်ငံရေး ဇရပ်အဆင့်ကိုသာ ဦးတည်သွားနိုင်ဖွယ် ရှိနေသည်ကိုလည်း နိုင်ငံရေး သတိရှိရှိ စောင့်ကြည့်သင့်သည်။ ပါတီဝင်သစ်များ၊ ပါတီအမာခံများ၊ ပါတီစည်းရုံးရေး မှူးများနှင့် ပါတီခေါင်းဆောင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း အရည်အချင်းများကို နိုင်ငံရေးပိတ်စိမ်း တိုက်ချနိုင်ပြီး ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ အသိအမြင်တို့အရ ရပ်ထဲရွာထဲ၊ မိုးထဲလေထဲ စံပြုထိုက်သူများကို ရွေးကောက်တင်မြှောက် နိုင်မှသာ ဒီချုပ်၏ နိုင်ငံရေး ပုံရိပ်သည် ပိုမိုထွန်းလင်း လာမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ အလုံးစုံ မှီခိုနေရမှုမှ အတန်ငယ် ရုန်းထွက်အပျံသင်စ ပြုလာနိုင်ဖွယ် ရှိသည်ဟု သုံးသပ်နိုင်သည်။ အဆိုပါ အနေအထားကို ရေရှည်အမြင်နှင့် မြှင့်တင်နိုင်မှသာ ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးတွင် ဒီချုပ်သည် အားကောင်းမောင်းသန် ပြည်သူ့ပါတီ တစ်ခုအဖြစ် ဆက်ကျန်ရစ်နိုင်မည် ဖြစ်သည်။

ခေတ်အဆက်ဆက် အာဏာပိုင်နှင့်ပေါင်းလျက် ၀ိသမလောဘ၊ အဓမ္မ၊ အဗြဟ္မာစရိယတို့နှင့် စီးပွားရေး သောင်းကျန်းကာ အလွန်အမင်း ချမ်းသာကြွယ်ဝလာသော အခွင့်အရေးသမားများ၊ လူထုချဉ်ဖတ်များ၊ လူထုအော့နှလုံးများသည် ငွေထုပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ယနေ့ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ နိုင်ငံရေး ခြံခုန်ဝင်လာကြသည်မှာ မြင်မကောင်း၊ ကြားမကောင်းပင် ဖြစ်သည်။ ထိုသူတို့သည် ခေတ်အဆက်ဆက် သြဇာအာဏာကြီးသော ပါတီ၊ အဖွဲ့အစည်းများ၏ အဖွဲ့ဝင် ကတ်ပြားများနှင့် မသမာမှု ပေါင်းစုံကို လုပ်ခဲ့သည့်နည်းတူ ယခုကာလတွင်လည်း ဒီချုပ်ပါတီဝင် ကတ်ပြားကို ကိုင်လျက် စီးပွားရေး ဗျူဟာသစ်များနှင့် ရိုက်စားလုပ်ရန် ပြင်ဆင်လာနိုင်ခြေ ရှိနေသည်ကိုလည်း ဒီချုပ်အနေဖြင့် ပြူးပြဲကြည့်နေရန် လိုအပ်မည်ဖြစ်ကြောင်း ဆော်သြလိုပါသည်။

ပါတီစည်းရုံးရေးကို တံခါးဖွင့်လိုက်သောအခါ အမှိုက်သရိုက်များလည်း ပါလာတတ်သည်မှာ အလေ့အထ ဖြစ်သည်။ ပါတီတွင်း အမှိုက်များကို ရှင်းလင်းရာတွင် ဖွဲ့စည်းပုံ စည်းမျဉ်းတွင် ပြဋ္ဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ အဆင့်ဆင့် အရေးယူနိုင်ရန် လိုအပ်သည့်အလျောက် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းပါ အားကောင်းစေ့စပ်သော ပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတို့ကို စနစ်တကျ ဖော်ဆောင်နိုင်ရေးသည် ပါတီ၏ နိုင်ငံရေး လေသင်တုန်း ကုထုံးတွင် အသက်ကယ်ဆေးပင် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များဟု ဖော်ပြသော လက်စွဲစာအုပ်ငယ်ကို ပါတီဝင်များအကြား ဖြန့်ဝေထားသည်။ ပါတီ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံတွင် နိဒါန်းနှင့် အခန်းငါးခန်း ပါဝင်ပြီး ပုဒ်မ ၁၀ ခုသာ ပါဝင်သည်ကို တွေ့ရသောအခါ အားမလို၊ အားမရ ဖြစ်မိသည်။ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနှင့် အသွင်ကူးပြောင်းရေးကို ဦးဆောင်နေသော ကမ္ဘာကျော် နိုင်ငံရေး ပါတီတစ်ခု၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံသည် နိုင်ငံရေးအရ အချက်အလက် ပိုမိုပြည့်စုံပြီး ပိုမိုအားကောင်းအောင် ရေးဆွဲအတည်ပြုသင့်ကြောင်း ထပ်လောင်းဆော်သြ လိုပါသည်။ မူဝါဒ၊ လမ်းစဉ်အခြေပြု ပါတီပြုရေးတွင် ဖွဲ့စည်းပုံ စည်းမျဉ်း၏ အားကောင်းမှုသည် ပါတီ၏ အသက်သွေးကြောပင် ဖြစ်သည်။

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးကို အလျင်အမြန် အကောင်အထည် ဖော်သင့်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံသည် ပါတီ၏ လက်ကိုင်ကျမ်းဖြစ်သည့် အားလျော်စွာ နိုင်ငံရေးအရ ပေမီဒေါက်မီ ပြုစုထားနိုင်မည်ဆိုလျှင် ရေရှည်နိုင်ငံရေး ခရီးအတွက် အကောင်းဆုံး ဖြစ်မည်ဟု သတ်မှတ်နိုင်သည်။

ဒီချုပ်ပါတီ၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ အခန်း(၃)၊ ဖွဲ့စည်းပုံ အခန်းတွင် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်းဟု ပြဋ္ဌာန်းချက် တစ်ရပ်ကို ဖော်ပြထားသည်။ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗဟိုကော်မတီ၏ သုံးပုံနှစ်ပုံ ဆန္ဒမဲဖြင့် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်သည်ဟု လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပခြင်း မပြုနိုင်သည့် ကာလများတွင် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို လိုအပ်ပါက ဗဟိုအလုပ် အမှုဆောင် အဖွဲ့က ပြင်ဆင်နိုင်ခွင့်ရှိပြီး ပြင်ဆင်ဖြည့်စွက်ချက်များကို အနီးကပ်ဆုံး ညီလာခံတွင် တင်ပြအတည်ပြု ရမည်ဟု လည်းကောင်း ဖော်ပြထားသည်။ သို့ဖြစ်၍ လက်ရှိပါတီ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပါတီဗဟို ကော်မတီ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ၏ ထောက်ခံအတည်ပြုချက်ဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်သည်။ ပါတီဗဟို ကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဝင် သုံးပုံနှစ်ပုံ၏ ထောက်ခံမှု၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံမှုဖြင့်သာ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့် ရှိသည်ဟု ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံတွင် မဖြစ်မနေ ထည့်သွင်းရမည် ဖြစ်သည်။ လက်ရှိဖွဲ့စည်းပုံပါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ခွင့်သည် ကြောင်းကျိုးဆီလျော်မှု မရှိသည့်အလျောက် ပြင်ဆင်သင့်သည်။ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရာတွင် အနိမ့်ဆုံး ပါတီဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီ၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ခြင်းသည်သာ ကြောင်းကျိုးလျော်ညီသည်ဟု မှတ်ချက်ပြုနိုင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံတွင် အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး၊ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကို ပိုင်းခြားဖော်ပြ ထားသော်လည်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပုံမှန်ခေါ်ယူမည့် ကာလအပိုင်းအခြားကို တိတိကျကျ ဖော်ပြထားခြင်း မရှိသည်မှာ အားနည်းချက် ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပခြင်း မပြုနိုင်သည့် ကာလများဆိုသည့် ဖော်ပြချက်ကို သီးခြားအဓိပ္ပာယ် ဖွင့်ဆိုထားရန် လိုအပ်မည့်အပြင် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပုံမှန်ကျင်းပမည့် ကာလကိုလည်း ပါတီဖွဲ့စည်းပုံတွင် ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။ လက်ရှိကာလတွင် ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် အတွင်းရေးမှူး အဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း မရှိသည်မှာလည်း ပါတီဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနှင့် လွဲချော်နေသော ကိစ္စတစ်ခုပင် ဖြစ်သည်။

အခန်း (၃) ဖွဲ့စည်းပုံ အခန်းပါ မှတ်ချက်တွင် အထက်အောက် အဖွဲ့အစည်းများကို မူအားဖြင့် ဒီမိုကရေစီ နည်းအရ ရွေးကောက်တင်မြှောက် ရမည်ဖြစ်သော်လည်း အခြေအနေအရ အရေးပေါ် ဖွဲ့စည်းရန် လိုအပ်ပါက ဒီမိုကရေစီ နည်းကျကျ ညှိနှိုင်းမှုဖြင့် ဖွဲ့စည်းသွားမည်ဟု ဖော်ပြထားသည်။ အဆိုပါ မှတ်ချက်အရ ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းသည် အခြေအနေအရ အရေးပေါ် ဖွဲ့စည်းခဲ့ရသည့်ပုံစံ ဖြစ်နေသည်ဟု ကောက်ချက်ပြုနိုင်သည်။ အဆိုပါ အရေးပေါ် အခြေအနေ ကျော်လွန်ပြီးပါက ဒီမိုကရေစီ နည်းအရ ရွေးကောက်တင်မြှောက် ရမည်ဖြစ်သည်ကို လက်ရှိပါတီ ဖွဲ့စည်းပုံအား အကိုးအကားပြုလျက် ဆော်သြလိုပါသည်။

ဒီချုပ်၏ ပါတီစည်းမျဉ်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဖော်ဆောင်နိုင်ရန် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့သည် သီးခြားကော်မတီ တစ်ရပ်ကို ဖွဲ့စည်း၊ တာဝန်ပေးရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ ကော်မတီတွင် ပါတီဗဟို အလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဥပဒေ ပညာရှင်များ၊ နိုင်ငံရေး သိပ္ပံပညာရှင်များ၊ ကျွမ်းကျင်သူများ လူစုံတက်စုံ ပါဝင်ပြီး ခေတ်မီသော၊ ခေတ်နှင့်ညီသော ပါတီဖွဲ့စည်းပုံ စည်းမျဉ်းမူကြမ်း တစ်ရပ်ကို အချိန်ကာလ သတ်မှတ်ချက် တစ်ခုအတွင်း ဦးဆောင်ကြပ်မတ် ရေးဆွဲနိုင်ရန် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အနေဖြင့် ဦးဆောင်ရမည် ဖြစ်သည်။

ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ရေး ကော်မတီသည် ပါတီဖွဲ့စည်းပုံ စည်းမျဉ်း (မူကြမ်း)ကို ဗဟိုကော်မတီ အစည်းအဝေးတွင် လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် လည်းကောင်း၊ တင်ပြဆွေးနွေး အတည်ပြုချက် ရယူပြီး ဗဟိုကော်မတီ သို့မဟုတ် ညီလာခံမှ အတည်ပြုသော မူကြမ်းသည် ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းသစ် ဖြစ်လာရန် အလျင်အမြန် ဆောင်ရွက်သင့်သည်။ ပါတီဖွဲ့စည်းပုံ သစ်နှင့်အညီ ပါတီခေါင်းဆောင်များကို ပြန်လည်ရွေးကောက် တင်မြှောက်ရမည့်အပြင် ပါတီဝင်များ၏ အရည်အသွေး စိစစ်ရေး လုပ်ငန်းများကိုလည်း ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်နှင့်အညီ အကောင်အထည်ဖော်ရန် ပါတီခေါင်းဆောင်သစ်များက လမ်းညွှန်ရမည် ဖြစ်သည်။

ပါတီဖွဲ့စည်းပုံ စည်းမျဉ်းသစ်တွင် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ဗဟိုကော်မတီဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ အရည်အချင်း သတ်မှတ်ချက်များ၊ ရပိုင်ခွင့်များ၊ အခွင့်အရေးများကို စနစ်တကျ ဖော်ပြထားရန် လိုအပ်သည့်နည်းတူ ပါတီဝင်များ၏ တာဝန်များ၊ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားရန် လိုအပ်မည်ဖြစ်သည်။ ပါတီဝင်များ၊ ပါတီခေါင်းဆောင်များ အနေဖြင့် ပါတီမှ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ပါက အဆင့်ဆင့် အရေးယူနိုင်မည့် ပုံစံများကိုလည်း ပါတီဖွဲ့စည်းပုံသစ်တွင် အကျယ်တ၀င့် ဖော်ပြထားသင့်သည်။

ပါတီစည်းရုံးရေးတွင် လက်ကိုင်ပြုမည့် မူဝါဒ၊ လမ်းစဉ်နှင့် နိုင်ငံရေး သဘောတရားတို့ကိုလည်း ပါတီဖွဲ့စည်းပုံသစ်တွင် အသေးစိတ် ချမှတ်အတည်ပြု ထားရမည်ဖြစ်သည်။ ပါတီစည်းရုံးရေးမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သတ်မှတ်စည်းကမ်းများတို့ကို စနစ်တကျ ရေးဆွဲပြဋ္ဌာန်းထားပြီး ဒီချုပ်ပါတီ အနေဖြင့် ပါတီအဖွဲ့အစည်း အဆင့်ဆင့်တွင် စည်းရုံးရေးမှူး ကောင်းများကို စနစ်တကျ ပျိုးထောင်နိုင်ရမည့်အပြင် ပါတီဝင်များ၏ စည်းကမ်းထိန်းသိမ်းရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် အရေးကြီးသည်ဟု သုံးသပ်မိသည်။ နိုင်ငံတစ်နိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အရေးကြီးသကဲ့သို့ နိုင်ငံရေးပါတီ တစ်ခုအတွက်လည်း ပါတီဖွဲ့စည်းပုံ စည်းမျဉ်းသည် အသက်သွေးပင် ဖြစ်သည်။ ဖွဲ့စည်းပုံ စည်းမျဉ်းကောင်းရေးသည် ပါတီအားကောင်းရေးအတွက် အခြေခံ လိုအပ်ချက်များထဲတွင် တစ်ခုဖြစ်သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် လက်တလော နိုင်ငံရေး မြွေလိမ်မြွေကောက်များ အကြားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းသစ်ကို အချိန်တိုအတွင်း ရေးဆွဲအတည်ပြုရမည် ဖြစ်သည်။ ဖွဲ့စည်းပုံသစ်နှင့်အညီ အများဆန္ဒအရ ရွေးကောက်တင်မြှောက်သော ဗဟိုကော်မတီ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီတို့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ပါတီကို ပုဂ္ဂိုလ်အခြေပြုမှ မူဝါဒ၊ လမ်းစဉ်အခြေ ပြုပုံစံသို့ ပြောင်းလဲတည်ဆောက် ရမည်ဖြစ်သည်။ ပါတီဖွဲ့စည်းပုံသစ်နှင့်အညီ ဒီချုပ်ပါတီသည် ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေး တလင်းအတွက် နိုင်ငံရေး သက်လုံကောင်းနေရမည့်အပြင် ပါတီတွင်း အမှိုက်များကိုလည်း ရှင်းလင်းပြီး ဖြစ်သင့်သည်။ ဒီချုပ်ပါတီအပေါ် ပြည်သူလူထု၏ ထောက်ခံမှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုနှင့် တန်းတူရည်တူဖြစ်အောင် ပါတီပြုနိုင်ရမည့်အပြင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းသစ်နှင့်အညီ ဒီချုပ်ပါတီသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အပြောင်းအလဲကို ရေရှည်အမြင်ဖြင့် ဗျူဟာမြောက် ဦးဆောင်နိုင်မှသာ နိုင်ငံရေး လေသင်တုန်းကို မနှေးအမြန် ကုစားနိုင်မည် ဖြစ်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

No comments:

Post a Comment