Pages

Monday, November 25, 2013

ထူးချွန်ကျောင်းသားလက်ခံမှု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ပြီးနောက် ကျောင်းသားဦးရေ တိုးမြှင့်ပြင် ဆင် Written by နေလင်းထွန်း



ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ ထူးချွန်ကျောင်းသား လက်ခံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပြီးနောက် ကျောင်းသားဦးရေတိုးမြှင့်ခေါ်ယူမည့် အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ထို့ပြင်ယင်းတက္ကသိုလ်နှစ်ခုတွင် ဝင်ခွင့်လျှောက်ထားရန် အခြေခံအမှတ် သတ်မှတ်ချက်ကြောင့် ပထဝီဝင်ဘာသာရပ် လျှောက်ထားသူလုံးဝမရှိခဲ့ဘဲ အချို့ဘာသာရပ်များ၌ ကျောင်းသားတစ်ဦး၊ နှစ်ဦး သာရှိနေကြောင်း သတင်းရရှိသည်။
အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျောင်း သား ၁၅ ဦးသာလက်ခံခြင်းသည် ဗန်းပြလုပ်ရပ်သက်သက်ဖြစ်နေကြောင်း အမျိုးသားပညာရေးဥပဒေ မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဝေဖန်ထားသည်။
ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများ လေ့ကျင့်ပျိုးထောင်မည့် အစီအစဉ်ဖြင့် နှစ်ပေါင်းများစွာ ပိတ်ထားသော ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဘာသာရပ် ၂၀ အတွက်ကျောင်းသား ၁၅ ဦးစီ လက်ခံသင်ကြားရန် လျှောက်လွှာခေါ်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော်ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နှစ်ခုလုံး၌ ပထဝီဝင်ဘာသာရပ်အား လျှောက်ထား သူမရှိ၊ သမိုင်းဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်တွင် နှစ်ဦး၊ မန္တလေးတက္ကသိုလ်တွင် လျှောက်ထားသူ မရှိ၊ အရှေ့ပိုင်းပညာဘာသာရပ်ကို တက္ကသိုလ်နှစ်ခုတွင် တစ်ဦးစီ၊ မနုဿဗေဒဘာသာရပ်အား ရန်ကုန်တက္ကသိုလ်တွင် တစ်ဦး၊ မန္တလေးတက္ကသိုလ်တွင် နှစ်ဦး၊ ရုက္ခဗေဒဘာသာရပ်ကို နှစ်ဦးစီ၊ ဘူမိဗေဒဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်တွင် သုံးဦး၊ မန္တလေးတက္ကသိုလ်တွင် တစ်ဦးစသည့်ဖြင့် အခြားဘာသာရပ်များတွင်လည်း ဝင်ခွင့်လျှောက်ထားသူ သိသိသာသာ လျော့ကျနေပြီး ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဥပဒေပညာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာသိပ္ပံ ဘာသာရပ်တို့ တွင် ကျောင်းသားဦးရေပြည့်မီလျက်ရှိသည်။
"ကျောင်းသားဦးရေက သိသိသာသာ လျော့ကျနေတော့ မခေါ်လို့ကို မရတော့တာလေ။ အမှတ်ကန့် သတ်ချက်တွေလည်း မထားတော့ ကျောင်းသားတွေအတွက် အခွင့်အလမ်းဖြစ်တာပေါ့" ဟု ပညာရေး ဝန်ကြီးဌာနမှ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ အထက်ပါတက္ကသိုလ်နှစ်ခုတွင် ပညာသင်ယူရန် ကျောင်းသား ၅၀ ဦးထိ အခြေခံအမှတ် သတ်မှတ်မထားဘဲ တိုးမြှင့်လက်ခံရန် ကြေညာလိုက်ခြင်း ကြောင့် အခြားတက္ကသိုလ်၊ ကောလိပ်များတွင် ဝင်ခွင့်ရရှိထားသော ကျောင်းသားများအနေဖြင့် ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်မည် ဖြစ်သည်။
 Credit 7Day Daily

No comments:

Post a Comment