Pages

Monday, November 25, 2013

အစိမ်းရောင်မြို့တော်အိပ်မက် ဗေဒါနှင့်ရွှေကြာ ဆွေးနွေးခန်း Monday, 25 November 2013 11:16


ဗေဒါ ။ ။နိုဝင်ဘာ၂၁ ရက်က ရန်ကုန်စိန်ရတုခန်းမမှာလုပ်တဲ့ အစိမ်းရောင်စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်မြို့ကိုအစိမ်းရောင်မြို့တော်အဖြစ် ကြိုးစား အကောင်အထည်ဖော်သွားမယ်လို့ ပြောသွားတာသတင်းစာတွေမှာ ဖတ်လိုက်ရတယ်။

ရွှေကြာ ။ ။အင်း ...ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ ကျွန်တော် တို့နိုင်ငံက တာဝန်ရှိလူကြီးတွေဟာ စာရွက်ပေါ်ကရှေ့ဆက်လုပ်မယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေကို မကြာခဏ ပြောနေကြပေမယ့် အောက်ခြေမှာအမှန်တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေနဲ့ သဟဇာတမဖြစ်တဲ့ အခါကျတော့ကြားရတဲ့ ပြည်သူတွေရဲ့ပြက်ရယ်ပြုစရာပဲ အဖတ်တင်ကျန်ရစ်တယ်ဗျ။

ဗေဒါ ။ ။ဟ ...ခင်ဗျားကလည်း ပြောလိုက်ရင်လည်း ပိဿာလေးနဲ့ ပစ်လိုက်သလိုပါပဲလား။ ဆိုစမ်းပါ ဦး။

ရွှေကြာ ။ ။ဟုတ်တယ်လေ။အရင်အစိုးရလက်ထက်ကတည်းက ရန်ကုန်မြို့တော်ရဲ့ မိုင် ၃၀ ပတ်လည် စိမ်းလန်းစိုပြည်ရေးစီမံကိန်းဆိုပြီးလုပ်လိုက်ကြတာ အခုဆိုရင်ကြက်ပျောက်ငှက်ပျောက်နဲ့ ဘာအသံမှ မကြားရတော့ဘူး။အခုလည်း စိမ်းလန်းစိုပြည်ဖို့နေနေသာသာရန်ကုန်မြို့ကြီးတစ်နေ့တခြား ပူပြင်းခြောက် သွေ့နေတာခင်ဗျားမြင်တဲ့ အတိုင်းပဲလေ။စည်ပင်က သစ်ပင်စိုက်၊ လျှပ်စစ်ကသစ်ပင်ခုတ်ဆိုတဲ့ ပြက်လုံး တစ်ခုပဲလူတွေပါးစပ်ဖျားမှာ စွဲကျန်ရစ်နေတာပဲ အဖတ်တင်တယ်။ နောက်တစ်ချက်ကလည်း ရန်ကုန်မြို့ ကြီးကိုအစိမ်းရောင်မြို့တော်ဖြစ်အောင်လုပ်ဖို့ဆိုတာက အစိမ်းရောင်ဧရိယာရှိဖို့လည်း လိုသေးတယ်ဗျ။မြေကျယ်ကျယ်ရှိရင်သိမ်းမယ်။ ဘောလုံးကွင်းတောင်မှအလွတ်မပေးဘဲ ခရိုနီတွေနဲ့ပေါင်းပြီး ကွန်ဒို ဆောက်မယ်ဆိုတဲ့ စဉ်းစားချက်ရှိနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ နာရီဝက်လောက် မိုးရွာလိုက်ရုံနဲ့ နေရာအနှံ့အပြားမှာ မြောင်းရေလျှံပြီး ရေကြီးတယ်။ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှု ပြဿနာ တွေကလည်း တစ်နေ့ လုံးကြုံနေရတယ်ဆိုတော့ ကျွန်တော်တို့ရန်ကုန်မြို့တော်ကို အစိမ်းရောင်မြို့ တော်လုပ်မယ်ဆိုတဲ့အတွေးက အိပ်မက်တစ်ခုအနေနဲ့ပဲ ရှိနေဦးမယ်လို့ တွေးမိတာပါ။

ဗေဒါ ။ ။ဒီလိုဆိုတော့လည်း ခင်ဗျားရဲ့အတွေးက ဟုတ်တုတ်တုတ်ပဲဗျ။ ကျွန်တော်လည်း မြို့ထဲကို တစ်ခေါက်လောက်သွားပြီးလို့ အိမ်ရောက်ရင် မလှုပ်ချင်တော့ဘူးဗျ။ ယာဉ်ကြောတွေကကျပ်၊ ကားတွေ ကထွက်တဲ့ မီးခိုးအငွေ့တွေ၊ လမ်းဘေးဈေးသည်တွေဆီက ထွက်လာတဲ့အညှော်နံ့တွေကြောင့် အသက်ရှူရတောင် ကျပ်တယ်။

ရွှေကြာ ။ ။လောလောဆယ် ရန်ကုန်မြို့ကြီးမှာကားအစီးရေ သုံးသိန်းခွဲလောက်ရှိတယ် ဆိုတော့တစ် ရက်၊ တစ်ရက်မြို့ထဲမှာ ညစ်ညမ်းတဲ့လေထုနဲ့ ဆူညံသံတွေရဲ့ အန္တရာယ်တွေကတော့ မပြောချင်တော့ ပါဘူးဗျာ။ ဒီလိုလေထု ညစ်ညမ်းမှုတွေကလည်း အစိမ်းရောင်မြို့တော်ဖြစ်ဖို့ဆိုတာက မလွယ်ပါဘူးဗျာ။ ဂျပန်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ဖူဂျီယာမားတောင်ဆိုရင် ၁၉၆၀ ပြည့်လောက်မှာ တောင်နဲ့ကပ် ရက်ရှိတဲ့ တိုကျိုမြို့ကထွက်တဲ့ စက်ရုံအလုပ်ရုံက မီးခိုးငွေ့တွေ၊ မော်တော်ယာဉ်တွေကထွက်တဲ့ မီးခိုး ငွေ့တွေကြောင့် တစ်နှစ်ကို ရက်ပေါင်း ၄၀ လောက်ပဲတောင်ကိုမြင်ရတယ်လို့ ဆိုတယ်ဗျ။ ၁၉၆၅ ခုနှစ် တုန်းကဆိုရင် တစ်နှစ်လုံးနေမှ ၂၂ ရက်ပဲ ဖူဂျီယာမားတောင်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။

ဗေဒါ ။ ။ဟ ...ဒီလောက်တောင်မှ အခြေအနေဆိုးသလား။

ရွှေကြာ ။ ။ဆိုးတာပေါ့ဗျာ။အဲဒီအချိန်ကစပြီး ဂျပန်အစိုးရဟာလေထုညစ်ညမ်းမှု ပြဿနာကို ထိန်းချုပ် မယ့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အခြေခံဥပဒေမှာ ထည့် သွင်းရေးဆွဲတယ်။ ပြီးတော့လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေကိုပြဋ္ဌာန်းပြီး ပတ်ဝန်းကျင်ညစ်ညမ်း မှုဟာတစ်နှစ်အတွင်းမှာ တစ်နာရီကိုဝဒသမ ၀၅ ပီပီအမ် (တစ်မီတာ ညစ်ညမ်းမှုနှုန်း)ထက် မကျော်စေရ ဆိုတဲ့ အမိန့်ထုတ်လိုက်လို့ အဲဒီနှစ်မှာပဲ ၀ ဒသမ ၀၈၅ ပီပီအမ်အထိကျဆင်းသွားတယ်။ ဒီတော့မှ တိုကျို မြို့သူ မြို့သားတွေဟာ ဖူဂျီယာမားတောင်ကို ထင်ထင်ရှားရှားမြင်ရတော့တယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ လည်း ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်အရယာဉ်ဟောင်းတစ်သိန်းကျော် သံရည်ကျိုစက် ပို့ပြီးပြီဆိုပေမယ့် ...စုတ်ပြတ်သတ်နေတဲ့ ဌာနဆိုင်ရာကားတွေ၊ စက်မှုဇုန်ထုတ်ကားတွေနဲ့ မော်ဒယ်နိမ့် ကားတွေကထွက်တဲ့ မီးခိုးတွေကလေထုညစ်ညမ်းမှုကို နေ့တိုင်းဖြစ်နေတာပဲဗျ။ ဒီပုံနဲ့ဆိုရင် ရန်ကုန်တစ် မြို့လုံးက လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရားကိုတောင်မှ ကြာရင်ဖူးရဖို့ သိပ်မလွယ်တော့တဲ့ အခြေအနေပဲ လို့ တွေးမိတယ်ဗျ။

ဗေဒါ ။ ။ပညာရှင်တွေရဲ့ အပြောအရဆိုရင် နိုင်ငံတစ်နိုင်ငံမှာသစ်တောဧရိယာတွေ ကျုံ့သွားတာဟာ ကမ္ဘာကြီးပူနွေးလာမှုကို အကောင်းဆုံးတားဆီးနိုင်တဲ့ခံစစ်ကို ဖယ်ရှားရာရောက်တယ်လို့ ဆိုထားတယ် ဗျ။ ရန်ကုန်လိုနေရာမှာ အစိမ်းရောင်နယ်မြေတွေ ရှားပါးလာတာ၊ သစ်တောသစ်ပင်တွေ ပြုန်းတီးလာ တာကအစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကိုယုတ်လျော့စေတယ်လို့ မဆိုနိုင်ဘူးလား။

ရွှေကြာ ။ ။ကျွန်တော်သိရသလောက်ဆိုရင် စင်ကာပူလိုသေးငယ်တဲ့ နိုင်ငံလေးမှာတောင်သဘာဝနေ ရာ (Nature Areas)ဆိုပြီး သတ်မှတ်ထားတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုလုပ်နိုင်ဖို့ နေနေသာ သာရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်ကဒေသတွေမှာဆိုရင် အစိုးရရဲ့ မြေသိမ်းစီမံကိန်းကြီးတွေကြောင့် သစ် တောပြုန်းတီးတာ၊ မြေယာမဲ့ ပြည်သူလူထုတွေကလည်း သစ်တောမြေတွေထဲမှာ အခြေချနေလာတာ၊ မြို့သစ်စီမံကိန်းတွေ တိုးချဲ့တာ၊ ရေလှောင်တမံစီမံကိန်းကြီးတွေ အသစ်ဆောက်တာတွေကြောင့်လည်း သစ်တောပြုန်းတီးမှု ပိုများလာပြီး အစိမ်းရောင်ဇုန်တွေနည်းသထက် နည်းလာတယ်။ ရန်ကုန်စည်ပင်သာ ယာနယ်နိမိတ်အထဲမှာဆိုရင်လည်း အဆောက်အအုံတွေတစ်နေ့ထက်တစ်နေ့ များလာတော့ သစ်ပင် စိုက်မယ့်နေရာက မရှိသလောက်ရှားနေပြီလေ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိသစ်တောဖုံးလွှမ်းမှု ဧရိယာဟာ ၁၉၂၅ ခုနှစ်တုန်းက ၆၅ ဒသမ ၈၀ ရာခိုင်နှုန်းရှိပေမယ့် ၂၀၁၀ စာရင်း အရဆိုရင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းပဲ ရှိတော့တယ်ဗျ။ ဒါကို အချိုးချ ကြည့်မယ်ဆိုရင် တစ်နှစ်ကိုပျမ်းမျှအနေနဲ့ ၀ ဒသမ ၉၅ ရာခိုင်နှုန်းလောက် ပြုန်းတီးနေတာတွေ့ရတယ်။ဒါပေမဲ့ ပညာရှင်တွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ သစ်တောဧရိယာဖုံးလွှမ်းမှုဟာ တစ်နိုင်ငံလုံး ဧရိယာ ရဲ့ ၂၄ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ပြောနေတော့ အစိုးရကပြောနေတဲ့ ၄၆ ဒသမ ၉၆ ရာခိုင် နှုန်းကျန်သေးတယ်ဆိုတဲ့စာရင်းနဲ့ နှိုင်းယှဉ်ရင် ကွဲပြားခြားနားမှုရှိနေတယ်။ သေချာတာတစ်ခုတော့ ကျွန် တော်တို့နိုင်ငံရဲ့ သစ်တောတွေလည်း ကုန်သလောက်ဖြစ်နေပြီဆိုတာပဲ။ ဒီအခြေအနေတွေက ခင်ဗျား ပြောသလို အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကိုယုတ်လျော့စေတာ အမှန်ပဲပေါ့ဗျာ။

ဗေဒါ ။။ ခင်ဗျားပြောတာတွေကို ခြုံငုံကြည့်လိုက်ရင် ရန်ကုန်မြို့ကြီးကို အစိမ်းရောင်မြို့တော်အဖြစ် အကောင်အထည်ဖော်မယ်ဆိုတဲ့အတွေးက သဘောတရားနဲ့ လက်တွေ့မစပ်ဟပ်မိဘူးလို့ ပြောနိုင် မလား။ ဘယ်လိုသုံးသပ်ချင်သေးသလဲ။

ရွှေကြာ ။ ။အဆိုးမြင်လွန်းတဲ့စိတ် ပြောတာတော့မဟုတ်ဘူးပေါ့ဗျာ။ လက်တွေ့အခြေအနေကလည်း ကျွန်တော်တို့တစ်တွေဟာ ရန်ကုန်မြို့တစ်ခွင်ကိုနေ့စဉ်နဲ့အမျှ သွားလာနေကြတဲ့သူတွေဖြစ်တော့ပိုပြီး အကဲခတ်နိုင်တာပေါ့။ ရန်ကုန်မြို့ကြီးကို အစိမ်းရောင်မြို့တော်ဖြစ်အောင်လုပ်ဖို့ဆိုတဲ့အတွေးကို ထောက် ခံပါတယ်။ ဒါပေမဲ့ဆိုခဲစေ၊ မြဲစေဆိုသလိုပဲ ပြောတဲ့အတိုင်းလက်တွေ့ကျကျ ဖြစ်စေချင်တယ်။တစ်မြို့လုံး မှာလည်း ရေနုတ်မြောင်းတွေမကောင်းလို့ မိုးရွာရင်ရေကြီးရေလျှံဖြစ်တာ၊ လူတွေ စည်းကမ်းမဲ့တာနဲ့ အမှိုက်သိမ်းစနစ်မကောင်းတာကြောင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအားနည်းတာ၊ မြစ်ကမ်းနဘေးတစ် လျှောက်မှာရှိတဲ့ စက်မှုဇုန်တွေကစွန့်ပစ်တဲ့ ညစ်ညမ်းရေဆိုးတွေကြောင့်လည်း ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်းမှာရှိတဲ့ ချောင်းမြောင်းတွေ၊ မြစ်ရေတွေဟာ အညစ်ညမ်းဆုံးအနေအထားကို ရောက်နေတာတွေ ကလည်း ရှိနေသေးတော့ ရန်ကုန်မြို့တော်ကို အစိမ်းရောင်မြို့တော်ဖြစ်ဖို့ဆိုတာကတော့ အလှမ်းဝေးနေ ဦးမှာပဲလို့ သုံးသပ်ချင်တယ်ဗျာ။

Written by မောင်ဒိုး (ကံပေါက်)

No comments:

Post a Comment