အစိုးရနှင့်လွှတ်တော်ကြားက လစာဒီဘိတ် ---------- ရေးသားသူ- အေးသူစံ
လွှတ်တော်ကိုယ်စားလှယ်များ၏
လစာနှင့် နေ့တွက်စရိတ်များ နှစ်ဆတိုးမြှင့်သင့်ပြီး
အစိုးရအဖွဲ့ဝန်ကြီးများနှင့် အဆင့်တူဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော်တွင်
နိုဝင်ဘာလဆန်းပိုင်းက ဆွေးနွေးသွားရာ အစိုးရအဖွဲ့ဝင်အချို့နှင့်
အစိုးရ၀န်ထမ်းအချို့က ယင်းအဆိုအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တစ်လလျှင်
သုံးသိန်းအစား ခြောက်သိန်း၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို တစ်လလျှင် နှစ်သိန်းအစား လေးသိန်းနှင့်
နေ့တွက်စရိတ်များကို တစ်နေ့လျှင် တစ်သောင်းအစားနှစ်သောင်း
တိုးမြှင့်သင့်ကြောင်း အမျိုးသားလွှတ်တော်တွင် နိုဝင်ဘာ ၇ ရက်က
ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင်
အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၃၃၀ နှင့် အမျိုးသားလွှတ်တော်တွင် ၁၆၈ ကျော်
ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င်
လွှတ်တော်ကိုယ်စားလှယ်ပေါင်း တစ်ထောင်နီးပါးအတွက် လစာနှင့်
နေ့တွက်စရိတ်များကို နှစ်ဆတိုးမြှင့်လိုက်ပါက နိုင်ငံတော်ဘတ်ဂျက်အတွက်
ကုန်ကျစရိတ်များစွာ တိုးမြင့်လာနိုင်သည်ဟု အစိုးရအဖွဲ့က
တွက်ချက်စိုးရိမ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင်
အစိုးရ၀န်ထမ်း ညွှန်ကြားရေးမှူးချုပ်အဆင့်ပင်လျှင် အပိုထပ်ဆောင်းပေးသည့်
အသုံးစရိတ်နှင့်ပေါင်းပါက လစာမှာ နှစ်သိန်းကျော်သာဖြစ်သောကြောင့်
လွှတ်တော်ကိုယ်စားလှယ်များကို လစာတိုးမပေးသင့်ကြောင်း ဝေဖန်မှုများ
အစိုးရ၀န်ထမ်းအသိုင်းအ၀ိုင်းတွင် ထွက်ပေါ်လာသည်။
သို့သော်
ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့တွင်မူ
လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ ခံစားခွင့်နှင့် အဆောင်အယောင်တို့မှာ
ဝန်ကြီးတစ်ဦးနှင့် တန်းတူဖြစ်ပြီးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်ကပြောကြားသည်။
အစိုးရအဖွဲ့ကသာ
စိုးရိမ်မှုများဖြစ်ပေါ်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကမူ
လစာတိုးပေးခြင်း၊ မတိုးပေးခြင်းကို အဓိကထား ဆွေးနွေးခြင်းထက် အခြားသော
နိုင်ငံများနည်းတူ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်သာ
ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးလှဆွေကပြောကြားသည်။
“ထိုင်းမှာဆို လွှတ်တော်ကိုယ်စားလှယ်နဲ့
ဝန်ကြီးတွေ လစာတန်းတူပဲ။ အမေရိကန်မှာဆိုလည်း ပါးပါးလေးပဲ ဟထားတယ်။
ဒါကိုထောက်ပြတာ။ မြန်မာနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်က
သုံးသိန်းပဲရချိန်မှာ ၀န်ကြီးက သိန်းသုံးဆယ်။ ဘယ်တိုင်းပြည်မှာမှမရှိတဲ့
ကွာဟချက်ပေါ့။ ဒါပေမဲ့ ၀န်ကြီးကို ပေးသလောက် များများတိုးပေးဖို့
မဟုတ်ပါဘူး။ ဥပမာ လွှတ်တော်ကိုယ်စားလှယ် သုံးသိန်းဆိုရင် ၀န်ကြီးက
သုံးသိန်းတစ်ထောင်လောက်ပဲ ယူသင့်တယ်”ဟု ၎င်းကပြောဆိုသည်။
မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များတွင် အခြားသောနိုင်ငံများကဲ့သို့
ရုံးအဖွဲ့လည်းမရှိ၊ ရုံးခန်းလည်းမရှိ၊ ၀န်ထမ်းလည်းမရှိဘဲ မိမိအိတ်စိုက်၍
လုပ်ကိုင်ရခြင်းများရှိသောကြောင့် လစာနှင့်ခံစားခွင့်များ တိုးမြှင့်ပေးပါက
ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း
ဦးလှဆွေကပြောသည်။
“အစိုးရက ညွှန်ကြားရေးမှူးအဆင့်ဆိုရင်ပဲ ကားတွေ၊
ဒရိုင်ဘာတွေ၊ ကိုယ်ရေးအရာရှိ (PSO)တွေ ရနေပြီ။ ကျွန်တော်ဆို
လွှတ်တော်ကိုယ်စားလှယ်အပြင် လယ်ယာမြေစုံစမ်းရေးကော်မရှင်မှာပါတော့
ဒီကော်မရှင်အတွက် လိုအပ်တဲ့ အစီရင်ခံစာတွေကို တင်ဖို့အတွက် သပြေကုန်းဈေးက
ကွန်ပျူတာဆိုင်မှာ သွားရိုက်ရတာ။ အခုအဲဒီဆိုင်မှာ ကျွန်တော့်အကြွေး
ကိုးသိန်းခွဲရှိတယ်။ ဒါကြောင့်လည်း လွှတ်တော်ကိုယ်စားလှယ်တွေအတွက် Facility
လိုတယ်။ ရုံးဝန်ထမ်းလိုတယ်”ဟု ၎င်းကပြောကြားသည်။
ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏
အသုံးစရိတ်နှင့် လစာတို့မှာ ၀န်ကြီးအဆင့်နှင့် တန်းတူဖြစ်ခြင်းကြောင့်
မြန်မာနိုင်ငံတွင်လည်း မူအရတိုးမြှင့်ပေးခြင်းကို သဘောတူကြောင်းနှင့်
လွှတ်တော်ကိုယ်စားလှယ်များကို လစာတိုးမြှင့်ပေးခြင်းက မလိုလားအပ်သော
အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတို့ကို လျော့နည်းသွားစေကြောင်း
သံလွင်နိုင်ငံရေးအင်အားစုမှ ဦးဇော်မင်းကျော်က ပြောကြားသည်။
“လွှတ်တော်ကိုယ်စားလှယ်တွေမှာ သူတို့မဲဆန္ဒနယ်တွေ သွားရတာရှိမယ်။
လူထုနဲ့ထိတွေ့ရမယ်။ လုပ်ငန်းတွေလုပ်ဖို့ ရတဲ့လစာနဲ့ မလုံလောက်တဲ့အခါမှာ
လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့
တခြားနိုင်ငံတွေလိုပဲ သူတို့မှာလည်း ကိုယ်ပိုင်ရုံးအဖွဲ့တွေ ရှိသင့်တယ်။
ဝန်ထမ်းတွေကလည်း ဒီနေ့ ကုန်ဈေးနှုန်းနဲ့ယှဉ်ရင် တိုးပေးသင့်တာအမှန်ပဲ။
ဆေးမြီးတိုနည်းနဲ့မဟုတ်ဘဲ ၀န်ထမ်းလစာတိုးဖို့ကိုလည်း Master Plan ချပြီး
လုပ်သင့်ပါတယ်”ဟု ၎င်းကပြောသည်။
သို့သော် အစိုးရ၀န်ထမ်းများကလည်း
လုပ်သက်နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ယနေ့အထိ ၀င်ငွေထွက်ငွေ မမျှတစွာ
တွက်ချက်သုံးစွဲနေရကာ နေ့တွက်စရိတ်မှာလည်း
ညွှန်ကြားရေးမှူးချုပ်အဆင့်ပင်လျှင် ၁၁၀၀ သာရှိခြင်းကြောင့် မကြာမီကမှ
ပေါ်လာသော လွှတ်တော်ကိုယ်စားလှယ်များ၏ လစာနှင့်နေ့တွက်စရိတ်တိုးမြှင့်ရန်
စီစဉ်နေခြင်းအပေါ် ဝေဖန်မှုများရှိနေကြခြင်း ဖြစ်သည်။
“ကျွန်မတို့
လုပ်သက် ၁၇ နှစ်ရှိပြီ။ အခုလစာက တစ်သိန်းမပြည့်တပြည့်။ နေပြည်တော်မှာ
အခုအစိုးရသစ်လက်ထက်ရောက်တော့ နေတဲ့အဆောင်ခ၊ မီတာခ အားလုံးပေးလာရတယ်။
လစာထဲကလည်း အခွန်ပုံမှန်ဆောင်ရတယ်။ နေပြည်တော်မှာ ဟိုနားဒီနားသွားလာဖို့က
ဆိုင်ကယ်ကယ်ရီက တစ်ထောင်၊ ထောင့်ငါးရာ။ ကုန်ကျစရိတ် အရမ်းများတယ်။ အခု
လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ဒီလို သူတို့ခံစားခွင့်ကို
တိုးတောင်းတော့ ကျွန်မတို့အတွက်လည်း တစ်ခုခုလုပ်ပေးစေချင်ပါတယ်”ဟု
နေပြည်တော်ရှိ ၀န်ကြီးဌာနတစ်ခုမှ အထက်တန်းစာရေးတစ်ဦးကပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့ထဲမှ မှော်ဘီအထိ နေ့စဉ်ရုံးတက်ရပြီး
တစ်နေ့ခရီးစရိတ်ပင်လျှင် ၁၃၀၀ ခန့် ကုန်ကျနေရသည့် အစိုးရ၀န်ထမ်းတစ်ဦးကလည်း
လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးပေးပါက မိမိတို့ကိုလည်း
သင့်လျော်သည့်လစာကို တိုးပေးစေလိုကြောင်းဆိုသည်။
“ကျွန်မတို့ဆို
ကားခက တစ်လကို သုံးသောင်းခွဲ၊ လေးသောင်းလောက်ကုန်တယ်။ လစာကလည်း
လောက်တယ်လဲမဟုတ်ဘူး။ အစ်မတို့က ၀န်ထမ်း၊ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့်လည်း
မရှိတော့ပေးတဲ့ လစာနဲ့ပဲကျေနပ်ရတာပေါ့။ တိုးပေးရင်တော့ အစ်မတို့အတွက်
ပိုပြီးအဆင်ပြေပါတယ်”ဟု ဆိုသည်။
“ကျွန်တော်တို့
ညွှန်ကြားရေးမှူးအဆင့်တောင် နေ့တွက်စရိတ် ၁၁၀၀ ပဲရတယ်။ ဒီစရိတ်နဲ့
နေပြည်တော်ကနေ ရန်ကုန်ကို ဘယ်လိုသွားမလဲ။ ကျွန်တော်တို့ခရီးသွားရင်
ကိုယ့်အိတ်စိုက်ရတာ။ လစာကလည်း ဘယ်လောက်မှရတာမဟုတ်ဘူး။ အခု
လွှတ်တော်ကိုယ်စားလှယ်တွေ တိုးတောင်းတဲ့ပမာဏက လစာမပါတောင်
တစ်နေ့နှစ်သောင်းနဲ့ တစ်လဆို ခြောက်သိန်း။ လွှတ်တော်က ရှစ်ကြိမ်လုပ်တော့ ၄၈
သိန်း။ အမတ် ၆၀၀ ကျော်ဆို သုံးရမှာအများကြီး။ ဒီအခွင့်အရေးကတော့
မတောင်းသင့်ဘူးလို့ မြင်ပါတယ်”ဟု ၀န်ကြီးဌာနတစ်ခုမှ
ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
အစိုးရအဖွဲ့အနေဖြင့်
နိုင်ငံစီးပွားရေးအခြေအနေ၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးရည်မှန်းချက်များနှင့်
လိုက်လျောညီထွေရှိစေလိုပြီး လွှတ်တော်ကိုယ်စားလှယ်များ လစာနှင့်
နေ့တွက်စရိတ်တိုးခြင်း၊ လွှတ်တော်ရုံးများ၏ ဖွဲ့စည်းပုံကိုတိုးချဲ့ခြင်း၊
မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်သတ်မှတ်ခြင်း၊ နောင်တွင်
မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ပေးခြင်း
စသည်တို့အတွက် တစ်နှစ်ဘဏ္ဍာငွေ မည်မျှကုန်ကျမည်ဆိုခြင်းကို
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များတွင် မတွေ့ရကြောင်း
အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောကြားသည်။
“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် အစိုးရ၀န်ထမ်းများက
လေးစားကြပါတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့လစာကို ခြောက်သိန်း၊
နေ့တွက်စရိတ်ကို နှစ်သောင်းပြင်မယ်လို့ သတင်းထွက်နေတော့ တစ်နှစ်ဆိုရင်
နိုင်ငံတော်အသုံးစရိတ် ဘယ်လောက်တက်သွားမလဲဆိုတာမျိုးတော့ တွေးမိတာပေါ့။
နောက်ပြီး ၀န်ကြီးအရေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကွာခြားမှု၊
လုပ်ငန်းသဘောသဘာဝနဲ့ တာဝန်ယူရမှုအတိုင်းအတာ ကွာခြားမှုဆိုတာတွေကလည်း
ထည့်တွက်ရမယ့်အချက် ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။ ထို့ပြင်
အွန်လိုင်းမီဒီယာအချို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ
လစာတိုးမြှင့်ရန်အဆိုအား ဝေဖန်ရေးသားမှုများရှိနေပြီး ပြည်သူအချို့ကလည်း
ဝေဖန်ကြသည်။ သို့သော် လွတ်လပ်ပြီးတရားမျှတမှုမရှိသော ၂၀၁၀
ရွေးကောက်ပွဲအောက်တွင် ပေါ်ထွက်လာသည့် လွှတ်တော်အခန်းကဏ္ဍကို အားမလို၊
အားမရဖြစ်နေသည့် ပြည်သူများရှိနေမည်ဖြစ်ပြီး အမတ်တိုင်း
ရာနှုန်းပြည့်မကောင်းမွန်နိုင်ကြောင်း ဦးဖုန်းမြင့်အောင်ကပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရ၀န်ထမ်းပေါင်း
ရှစ်သိန်းကိုးသောင်းကျော်ရှိကြောင်း အစိုးရအဖွဲ့ဝန်ကြီးဌာနများမှ
ထုတ်ပြန်သော စာရင်းအရသိရပြီး အစိုးရအဖွဲ့အတွင်း ၀န်ကြီးများ၊ ဒုဝန်ကြီးများ
များပြားနေ၍ ကုန်ကျစရိတ်များပြားနေကြောင်း လွှတ်တော်ကလည်း
ဝေဖန်ပြောကြားထားသည်။ ယင်းသို့ဝေဖန်နေသည့်ကြားမှ နိုဝင်ဘာ ၂၁ ရက်တွင်
အစိုးရက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ဒုဝန်ကြီးတစ်ဦးအား
ထပ်မံခန့်အပ်လိုက်ရာ ၀န်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း ၉၇ ဦး ရှိလာခဲ့သည်။
“လစာနဲ့ခံစားခွင့် တိုးမြှင့်တာနဲ့ ထိုက်တန်တဲ့ အမတ်ကောင်းတွေလည်း
လိုအပ်နေပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်
အမတ်ကောင်းတစ်ယောက် အရည်အချင်းနဲ့ ပြည့်စုံတယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ၂၀၁၀
အခြေအနေအရတော့ ဒီလောက်ပဲရမှာပါ။ တဖြည်းဖြည်းချင်းတော့ လွှတ်တော်က
ပြောင်းလဲနေပါတယ်”ဟု ၎င်းကဆိုသည်။
အုပ်ချုပ်ရေးပိုင်း အစိုးရအဖွဲ့အား
ပြုပြင်တိုက်တွန်းမှုများ ပြုလုပ်နေသည့် လွှတ်တော်အပေါ် ယခုကဲ့သို့
ဝေဖန်မှုများမှာ အလောတကြီးဆန်နေပြီး မမျှတရာရောက်ကြောင်းနှင့်
အချို့ပြုပြင်ပြောင်းလဲမှုကို မပြုလိုသည့် အမတ်များကြောင့် လွှတ်တော်အပေါ်
အထင်အမြင်လွဲမှားမှုများ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွန်းကပြောသည်။
“ကျွန်တော်ကတော့ အစိုးရ၀န်ထမ်းကိုလည်း
လစာတိုးပေးစေချင်ပါတယ်။ ၀န်ထမ်းတွေကို လုံလောက်အောင်တိုးပေးပြီးရင်
ကျွန်တော်တို့ လွှတ်တော်အမတ်တွေကိုလည်း သင့်သလောက် ခံစားစေချင်ပါတယ်။ ဒါမှ
ဝန်ထမ်းတွေနဲ့ လွှတ်တော်အမတ်တွေကြားမှာ အထင်အမြင်လွဲမှားမှုနည်းပါးသွားမှာပါ။
နေ့တွက်စရိတ်ကလည်း ကိုယ်စားလှယ်တစ်ဦးတည်းဆို လုံလောက်ပေမယ့်
ကော်မတီကော်မရှင်တွေမှာ အလုပ်လုပ်နေသူတွေအတွက်တော့ နှစ်သောင်းက
ဖြစ်သင့်ပါတယ်”ဟု ၎င်းကပြောသည်။
လွှတ်တော်အစည်းအဝေးများကို
တစ်နှစ်လျှင် နှစ်လတစ်ကြိမ်နှုန်းဖြင့် အများဆုံးရှစ်ကြိမ်ခန့်
ကျင်းပရန်လျာထားရာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါက
ကိုယ်ပိုင်စီးပွားရေးကိုပင် ဖိဖိစီးစီးလုပ်နိုင်မည်မဟုတ်၍
ခံစားခွင့်နှင့်လစာများကို တိုးပေးသင့်သည်။ သို့သော်
ကိုယ်ပိုင်စီးပွားရေးကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေသမျှ ကာလတစ်လျှောက်
အမှန်တကယ်စွန့်လွှတ်ထားပြီး ပြည်သူ့အကျိုးစီးပွားကို
ဖိဖိစီးစီးလုပ်ကိုင်သင့်ကြောင်းနှင့် သို့မှသာ ပြည်သူလူထုလိုအပ်သည့်အချိန်
အသင့်ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ခံစားခွင့်နှင့်လစာမှာ
တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမည်မဟုတ်ရာ လစာတိုးပေးခြင်း၊ မတိုးခြင်းအပေါ်
မဆွေးနွေးလိုဘဲ တိုးပေးခြင်းအတွက် ရရှိနိုင်မည့် အကျိုးရလဒ်ကိုသာ
တွက်ချက်စဉ်းစားလိုကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး
ဒေါက်တာအောင်ထွန်းသက်ကပြောကြားသည်။
“လစာတိုးပေးရင်
လွှတ်တော်အမတ်တွေ အဂတိလိုက်စားမှုနည်းသွားနိုင်တယ်။ နောက်တစ်ခုက
အရည်အချင်းရှိတဲ့အမတ်တွေရှိဖို့ လိုပြန်တယ်။ စီးပွားရေးပေတံအရ
အစိုးရ၀န်ထမ်းတွေတင်မကဘူး။ စက်ရုံအလုပ်ရုံ အလုပ်သမားကအစ
လစာသုံးဆတိုးတောင်းရင် သူ့မှာ ကုန်ထုတ်စွမ်းအားက သုံးဆမကတိုးရင်တော့
ပြဿနာမရှိဘူး။ အမတ်တစ်ထောင်ကျော်အတွက် လစာနှစ်ဆတိုးလိုက်ရင်
ကုန်ကျမယ့်ဘတ်ဂျက်မှာ အကျိုးရှိ၊ မရှိ ချင့်ချိန်ဖို့ပဲလိုပါတယ်”ဟု
၎င်းကပြောသည်။
ထို့ပြင် အစိုးရတွင်လည်း ၀န်ထမ်းများကို
လစာတိုးပေးလိုက်ပါက မြန်မာနိုင်ငံတွင် အစဉ်အလာသဖွယ်ဖြစ်နေသော
ကုန်ဈေးနှုန်းတက်မည့်ပြဿနာကလည်း အသင့်စောင့်ကြိုနေသည်။
“၀န်ထမ်းလစာတိုးတိုင်း ကုန်ဈေးနှုန်းတိုးတယ်ဆိုတာလည်း
ကုန်ထုတ်စွမ်းအားမရှိလို့ပဲ။ လစာတိုးလိုက်တဲ့အခါ
လုပ်ချင်ကိုင်ချင်စိတ်ရှိလာပြီး ထုတ်လုပ်မှုတွေတိုးလာရင် ဈေးကွက်မှာ
ရောင်းလိုအားများတဲ့အခါ ကုန်ဈေးနှုန်းကလည်း ကျသွားမှာပဲ။ အဓိကက
ထုတ်ကုန်တိုးဖို့ အားပေးရမယ်”ဟု ၎င်းကပြောကြားသည်။
သို့သော် မြန်မာနိုင်ငံ၏ အစဉ်အလာမှာ ၀န်ထမ်းလခတိုးမည့် သတင်းထွက်လျှင်ပင် ကုန်ဈေးနှုန်းတက်လေ့ရှိသည်။
လာမည့်နှစ်ဆန်းတွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင်
ဆက်လက်ဆွေးနွေးရန်ရှိသည့် ယင်းအဆိုအတွက် အစိုးရအဖွဲ့ထံကလည်း လွှတ်တော်သို့
ကန့်ကွက်မှုများ ပြုလုပ်လာဖွယ်ရှိနေပါသည်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများနှင့်ယှဉ်၍ မြန်မာနိုင်ငံ
လွှတ်တော်ကိုယ်စားလှယ်များက လစာနှင့်ခံစားခွင့်တို့ တိုးမြှင့်သင့်၊
မသင့်မှာမူ ၎င်းတို့ကို ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူများ၏ သဘောဆန္ဒက
အဓိကကျကြောင်း ဒေါက်တာအောင်ထွန်းသက်ကပြောသည်။
“ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့အတွက် ပြည်သူ့ဆန္ဒက ဘယ်လိုရှိလဲဆိုတာ အရေးကြီးပါတယ်”
No comments:
Post a Comment