အမျိုးသားဖွံ့ဖြိုးတိုးတက်မှု၏
အခြေခံအုတ်မြစ်သည် ပညာရေးဖြစ်ခြင်းကြောင့် ယနေ့မှစ၍ ရှေ့ဆက်
ဖော်ဆောင်ရမည့် မြန်မာ့အမျိုးသားပညာရေးသည်
မူဟန်မယွင်းဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင် စွမ်းရှိသည့်ပညာရေး
(Education for Sustainable Development) ဆိုသည့် နိုင်ငံတကာအဆင့်
ခေတ်မီပညာရေးလမ်းကြောင်းပေါ် တက်ပြီး လျှောက်လှမ်းနိုင်မည့်ပညာရေး
ဖြစ်ကိုဖြစ်ရ မည်ဖြစ်ပါ ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၇
ရက်လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင်
အတိအလင်းညွှန်ပြခဲ့ပြီးဖြစ်လေသည်။
သမ္မတကြီးလမ်းညွှန်ခဲ့သည့်
ESD ပညာရေးသည် ခေတ်မီ၏။ မြင့်မား၏။ အနာဂတ်ကြိုမြင်သိမှုပြည့်စုံ ၏။
တစ်ချက်သာ စိုးရိမ်ဖွယ်ရှိသည်။ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ခဲ့သည့်
မြင့်မားခေတ်မီ ESD စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့်ပညာရေး
ပညာရှင်ပုဂ္ဂိုလ်များအပါအဝင် သက်ဆိုင်သူ များအားလုံး၏ တွေးခေါ်မြော်မြင်
ထမ်းဆောင်မှုမြင့်မားခေတ်မီရန် အထူးလိုအပ်မည်ဖြစ်ပေသည်။
မြန်မာ့ပညာရေးသမားများ ESD အတွက် အဆင်သင့်ဖြစ်ပါပြီးလား။ ဖြစ်လျှင်ကောင်း၏။
မဖြစ်သေး လျှင်ကား ယနေ့ချက်ချင်းစတင်ပြင်ဆင်ပါမှ ESD စနစ် မြင့်မားခေတ်မီ
အောင်မြင်ပေမည်။
ESD ဟူသော
နိုင်ငံတကအဆင့်ခေတ်မီ ပညာရေးလမ်းကြောင်းပေါ် တက်လှမ်းလိုက်ပြီဖြစ်၍ အခြား
နိုင်ငံများနည်းတူ ခြေလှမ်းသွက်သွက်လှမ်းပေးရုံမက
ဒုန်းကလေးအပြေးတက်နိုင်ပါမှ နိုင်ငံတကာ အဆင့်မီ ESD
အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မည်ဖြစ်ကြောင်း
မြန်မာ့ပညာရေးသမားကြီးငယ် တို့ အစဉ်အမြဲသတိချပ်နေရန် အဓိကကျပေသည်။
ဆင်းရဲမွဲတေသည့်
နိုင်ငံငယ်များ၏ များလှစွာသော သမိုင်းကြောင်းသာဓကအရ အသုံးများခဲ့ကြသည့်
စမ်းသပ်ခံပညာရေးနှင့် ငါးပွက်ရာ ငါးစာချပညာရေးစနစ်မျိုးသည်
ယခုဖော်ဆောင်ရတော့မည့် ESD ပညာရေးနှင့် မအပ်စပ်ရုံမက ဖီလာကန့်လန့်သဘောပင်
ဆောင်နေသည်ကို အဆင့်မြင့်သောခေတ် သစ် ESD ပညာရေးစနစ်ကို
မျှော်မှန်းဦးတည်သည့် ပညာရေးဆရာအားလုံး သိရှိယုံကြည်ကြရန် လိုအပ်ပါသည်။
ခေတ်မီ ESD ပညာရေးကို
အောင်မြင်အောင် ဖော်ဆောင်လိုပါက ပညာရေးလုပ်ငန်းဆောင်ရွက်မှုများ ကို
အရှိန်အဟုန်သာမက အရည်အသွေးပိုင်းကိုပါ ဦးတည်အဆင့်မြှင့်ရပါမည်။
မြန်မာ့ပညာရေး အရည်အသွေးဟု ဆိုလိုက်သည်နှင့် ဝိဝါဒကွဲပြားသည့်
အမျိုးမျိုးသော အဓိပ္ပာယ်ဖော်ချက်များ တွေ့လာရတော့သည်။
တချို့ပုဂ္ဂိုလ်များက
ခိုင်မာတိကျသည့်ကိန်းဂဏန်း ထုတ်ပြန်ချက်များအရ မြန်မာ့ပညာရေးအောင်မြင် သည်။
အရည်အသွေးရှိသည်ဟုခံယူ ယုံကြည်ပြောဟောသည်။ တချို့သော ပုဂ္ဂိုလ်များကမူ
ကြုံတွေ့ သာဓကများစွာကို ထောက်ပြ၍ အရည်အသွေးနိမ့်ကျသည်ဟု
ထထစ်ချမှတ်ယူဝေဖန်၏။ ကွာခြားလှ သည့် အနိမ့်အမြင့်အစွန်းနှစ်ပါးကြားတွင်
ညပ်နေသည့် ပြည်သူပြည်သား သန်း ၆၀ ကား ဘယ်အရာ သာမှန်းမသိ၊
ခက်လှပါဘိဖြစ်နေပေတော့သတည်း။
ဤသို့သော
အငြင်းပွားဖွယ် ပညာရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့်နည်းလမ်းတစ်ခုတည်း
သာရှိပေ၏။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဂုဏ်ယူဝင့်ကြွားစွာ
ရယူပြသလေ့ရှိသည့် ISO ကဲ့သို့သော နိုင်ငံတကာပညာရေးစံကို ရယူအကဲဖြတ်ခြင်းသည်
အသေအချာအရေရာဆုံးပင် ဖြစ်ပေသည်။
ကမ္ဘာတစ်ဝန်းရှိ
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများသာမက ဖွံ့ဖြိုးတိုးတက်လိုသည့်
ဆင်းရဲမွဲတေနိုင်ငံ ငယ်များကပါ နိုင်ငံတကာစံကို တန်ဖိုးထားရယူလေ့ရှိကြသည်။
နိုင်ငံတကာပညာရေး
အရည်အသွေး အကဲဖြတ်စံများကလည်း မရေမတွက်နိုင်လောက်အောင် များ
ပြားစုံလင်လှပေ၏။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်စံများ အာဖရိကနိုင်ငံများအတွက်
SACMEQ စံ၊ CON FEMEN နိုင်ငံစုအတွက် PASEC စံ၊ Mckinsey Intervention
Database စံ၊ PIRLS စံ၊ TIMSS စံဟူ၍ နိုင်ငံတကာ ပညာရေးအကဲဖြတ်စံများ၊
တန်ဖိုးများ စုံလင်စွာပေါ်ထွန်းအသုံးပြုနေကြပေသည်။
ကမ္ဘာတစ်လွှား
လူသုံးအများဆုံးနှင့် နာမည်အကြီးဆုံး ပညာရေးစံမှာကား
ကမ္ဘာ့ရွာအနောက်ခြမ်းနှင့် ဥရောပနိုင်ငံများ လက်ခံအတည်ပြုသည့် PISA
(Programme for International Student Assess-ment) ပီဆာစံပင်ဖြစ်လေတော့၏။
PISA ၏နောက်ဆုံးပေါ် သုတေသနအကဲဖြတ်မှုထုတ်ပြန်ချက်အရ
ကမ္ဘာ့ပညာရေးအရည်အသွေးတွင် ဖင်လန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊
ကျူးဘားနိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံ ပညာရေးစနစ်တို့က
ထိပ်ပိုင်းမှဦးဆောင်အောင်မြင်နေသည်ကို တွေ့ရှိရသည်။ ဂုဏ်ပြုဖွယ်
ကောင်းလှပြီး အတုယူကြရန် သင့်လှပါ၏။
ယခုအခါ ESD မှာ
နိုင်ငံတကာတွင်ပေါ်ထွန်းခေတ်စားနေပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကပင် DESD ခေါ်
United Nations Decade of Education For Sustainable Development
(2005-2014) ဆယ်စုနှစ်စီမံကိန်းကြီး အောင်မြင်စေရန် တွန်းအားပေးနေသည့်
စနစ်သစ်ဖြင့်သဖြင့် မြန်မာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်မှု လမ်းစပေါ်သို့
တက်လှမ်းလာနိုင်တော့မည် ဖြစ်ပေသည်။
ESD စနစ်ကို
အကောင်အထည်ဖော်မည့် မြန်မာ့ပညာရေးပညာရှင်များအနေနှင့် ကမ္ဘာက Brundt Lands
Commission ဟုသိကြသည့် WCED/UNEP ကော်မရှင်စာတမ်းဒဿနများ၊ ပညာရေးပါရဂူ များ
ဖြစ်ကြသည့် di Castri (1995) နှင့် Mawhinney (2002) တို့၏ ESD
အဓိပ္ပာယ်ဖော်ချက်နှစ်မျိုး ESD ၏ Classical Pillars သဘောတရားများသာမက
မြန်မာနိုင်ငံတော်သမ္မကြီး၏ မူဟန်မယွင်း တိုးတက်ခြင်းနှင့် မြန်မာ့တန်ဖိုး
Soft Powers တွေးခေါ်မြော်မြင်မှုများကို သိရှိနားလည်ရန် လိုအပ်မည်
ဖြစ်ပေသည်။
အဆင့်မြင့်မားသည့်
ခေတ်သစ် ESD ပညာရေးစနစ်ကို အကောင်အထည်ဖော်မည်ဆိုပါက System Redesign ခေါ်
အနှစ်သာရပါဝင်သည့် ပုံစံပြောင်းမှုမျိုး လိုအပ်လေ့ရှိပါသည်။
ဖွံ့ဖြိုးတိုးတက်မှုမြင့်မား လှသည့် နိုင်ငံများတွင် Design Model
များစနစ်တကျ ရေးဆွဲဆောင်ရွက်လေ့ရှိပေ၏။ ESD Design Model ခေါ် ပုံစံတူတွင်
အနည်းဆုံးအောက်ဖော်ပြပါ ဝိသေသငါးရပ် ပါရှိတတ်ပေသည်။
၁။ ပညာရေးဖြစ်စဉ် မြင့်မားပြည့်စုံမှု
(Enlightened Pedagogy Educational Cyberneticss)
၂။ သုတေသနအခြေခံ ခိုင်မာတောင့်တင်းခြင်း
(Research Based Decisions)
၃။ အုပ်ချုပ်စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားခေတ်မီခြင်း
(Cyberage Education Management/Administration)
၎။ Societal Outreach ခေါ် လူမှုဝန်းကျင်ဖြန့်ကြက်စည်းရုံးနိုင်ခြင်း စွမ်းရည်နှင့်
၅။ Diffusion ခေါ်အများပြည်သူ ဗဟိုပြုလူထုကြား စိမ့်ဝင်ပျံ့နှံ့အစီအစဉ်များ။
အထက်ဖော်ပြပါ ESD
ပညာရေးစနစ်သစ်အတွက် အရေးပါသည့် ဝိသေသကြီးများပြည့်စုံလာပါက
အဆင့်မြင့်ခေတ်မီတိုးတက်သည့် ESD စနစ်ပေါ်ထွန်းခေတ်စားလာမည် ဖြစ်ပါကြောင်း
တင်ပြလိုက်ရ ပါသတည်း။
Credit The Yangon Times Daily အတွဲ(၁)၊ အမှတ်(၁၆၉)၊ နိုဝင်ဘာ ၂၀၊ ၂၀၁၃
No comments:
Post a Comment