ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် စည်ခန်းကြီးကျေးရွာ
ဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင် ဒုက္ခသည်များမှာ ရက်သတ္တပတ် နှစ်ပတ်ကျော်
ကြာလာသော်လည်း ပြင်ပအဖွဲ့အစည်းများ၏ အကူအညီမရရှိဘဲ အကူအညီများ
လိုအပ်နေကြာင်း သတင်းရရှိသည်။
ယင်းစည်ခန်းကြီး ကျေးရွာတွင် ခိုလှုံနေသူများကို ယင်းကျေးရွာမှ
ဘုန်းကြီးနှင့် တပ်မတော်မှ ထောက်ပံ့ထားသည့် ဆန်နှင့်ဆီသာ ရရှိပြီး စားရေး၊
သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ အိမ်သာ၊ ရေအခက်အခဲ၊ နေရာ အခက်အခဲ၊
ကျောင်းသူကျောင်းသားများ၏ အခက်အခဲကို မည်သည့် လူမှုအဖွဲ့အစည်းများက
ကူညီပေးခြင်းမရှိကြောင်း ယင်းစခန်းတွင် ခိုလှုံနေသူများက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်းလိုင် ရှမ်းနီပါတီ၏ ဗဟိုအလုပ်အမှုဆောင်
ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းဌေးအောင်က "ကျွန်တော်တို့ မနေ့ကပဲ ကူပြီး
ပြန်လာခဲ့တယ်။ ကချင်ပြည်နယ်အစိုးရက အနည်းငယ် ကူညီခဲ့တာကလွဲပြီး ဘယ်
လူမှုအဖွဲ့အစည်းကမှ ကူညီမှုမရှိဘူးလို့ သိရတယ်။ ဒီလိုဆိုရင်
လူမှုအသင်းအဖွဲ့တွေက ခွဲခြားဆက်ဆံပြီး ထောက်ပံ့နေသလို ဖြစ်နေတယ်။
ရွာသားတွေက၊ တပ်မတော် ကြောက်ရ၊ ကေအိုင်အေကို ပိုကြောက်ရ ဖြစ်နေတော့
ပြန်ရင်လည်း အေးချမ်းမှု မရှိနိုင်ဘူး"ဟု ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗန်မော်ခရိုင် အုပ်ချုပ်ရေးမှူးက
"ဘယ်အဖွဲ့အစည်းမဆို လွတ်လပ်စွာ ကူညီနိုင်ဖို့ ပြောထားပါတယ်။ အခုလို
ကြန့်ကြာနေတာလည်း ကွင်းဆင်းပြီး ကြာနေတာလည်း ဖြစ်နိုင်တယ်။ လမ်းမှာ
ပိတ်တယ်။ တားတယ်ဆိုတာ မရှိပါဘူး" ဟု ဖြေကြားသည်။
နိုဝင်ဘာ ၇
ရက်က ကောင်လွင်ကျေးရွာတွင် တပ်မတော်နှင့် ကေအိုင်အေတို့
တိုက်ပွဲဖြစ်ပွားပြီး စတုတ္ထတန်း ကျောင်းသူတစ်ဦး သေဆုံးပြီး လူတစ်ဦး
ဒဏ်ရာရရှိကာ လက်နက်ကြီး ထိမှန်မှုကြောင့် ရွာသူရွာသားများ၏ ခိုင်းနွားများ၊
ဝက်များ သေဆုံးခဲ့သည်။
ယင်းကဲ့သို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက်
လူဦးရေ ၅၀၀ ကျော်မှာ စည်ခန်းကြီးကျေးရွာနှင့် ဗန်းမော်မြို့ရှိ
ဆွေမျိုးများအိမ်တွင် ယနေ့အချိန်အထိ ခိုလှုံနေကြောင်း တွေ့ရသည်။
ရွာသူရွာသားများမှာ လယ်သိမ်းရန် ဆန္ဒရှိနေပြီး မိုင်းအန္တရာယ်ကို
စိုးရိမ်နေရသည်ဟု သိရသည်။
Credit Eleven Media Group
No comments:
Post a Comment