Pages

Sunday, November 24, 2013

အကျဉ်းသား ၈၂ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်နေပြီး သမ္မတထံ တင်ပြမည် Monday, November 25, 2013

အကျဉ်းသား ၈၂ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ကာ ဒီဇင်ဘာ လဆန်းပိုင်းတွင် ပြုလုပ်မည့် စိစစ်ရေးကော်မတီ အစည်းအဝေးအပြီး နိုင်ငံတော် သမ္မထံသို့ တင်ပြမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးတွင် စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်သည့် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် မူလက စိစစ်ရန် ရရှိထားသည့် တပ်မတော် အက်ဥပဒေနှင့် ငြိနေသူများ အပါအ၀င် အကျဉ်းသား ၆၅ ဦး သာမက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းမှုအပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြစ်ဒဏ်ကျခံ ရသူများ အပါအ၀င် အကျဉ်းသား ၁၇ ဦး စုစုပေါင်း ၈၂ ဦးတို့အား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ရန် စာရင်းပြုစုခဲ့ကြောင်း သိရသည်။

"၈၂ ဦးကို သမ္မတဆီ တင်ပြနိုင်ဖို့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ အခု ဒါကစာရင်းပဲ ရှိသေးတယ်။ ဒီအပေါ်မှာ အသေးစိတ် ညှိနှိုင်းမှု မလုပ်ရသေးဘူး။ အဲဒီအတွက် အသေးစိတ် ညှိနှိုင်းမှုလုပ်ပြီး နောက်အစည်းအဝေး ပြီးတော့မှပဲ တင်ပြနိုင်မယ်လို့ ထင်ပါတယ်။ အစည်းအဝေးက ၁၄ ရက် တစ်ခါပါ" ဟု စိစစ်ရေး ကော်မတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးကို လက်ရှိတွင် နှစ်ပတ်တစ်ကြိမ် ပြုလုပ်နေပြီး လာမည့်ကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ ကော်မတီ အစည်းအဝေး မတိုင်မီ သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ အကျဉ်းဦးစီး ဌာနရှိ စိစစ်ရေး ကော်မတီဝင်များနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် စသည့်အဖွဲ့များမှ စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ တွေ့ဆုံကာ အကျဉ်းသား စိစစ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီကြားထဲမှာ နေပြည်တော် သွားရောက်ပြီးတော့ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်မှာပါ။ အဲဒီမှာ ညှိနှိုင်းပြီးမှ အချောသပ် စာရင်းတစ်ခုကို နောက်အစည်းအဝေးမှာ ကျွန်တော်တို့ ချပြမှာ ဖြစ်ပါတယ်" ဟု ဦးရဲအောင်က ပြောကြားသည်။

  Credit Eleven Media Group

No comments:

Post a Comment