ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း
ရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက်
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံရန်
မလိုအပ်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်
ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်အပေါ် ၎င်းက
အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်ထဲမှာ
တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့
တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု
၎င်းကပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင်
အစိုးရအနေနှင့် လွှတ်တော်အတွင်း ပြင်ဆင်ခြင်းနှင့် ပြည်သူ့ဆန္ဒ ခံယူမည့်
ကိစ္စနှစ်ခုအပေါ် ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကူညီဆောင်ရွက် ပေးသွားမည်
ဖြစ်ကြောင်း ၎င်းက သမ္မတကိုယ်စား ပြောကြားသည်။
နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံမှုကို
ရှောင်လွှဲနေပါက ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး
ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဗဟိုကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။
ဥပဒေ ပြင်ဆင်မှုနှင့်
ပြောင်းလဲမှုများသည် လွှတ်တော် အတွင်းတွင် ညှိနှိုင်းရန် အခက်အခဲ ရှိနေမြဲ
ဖြစ်သောကြောင့် လွှတ်တော် ပြင်ပတွင် ညှိနှိုင်း ဆွေးနွေးထားရန် လိုအပ်ကြောင်း
၎င်းကထပ်လောင်း ပြောဆိုသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ
ပေးပို့လာသည့် မေတ္တာရပ်ခံစာ မရောက်ရှိ သေးသောကြောင့် သမ္မတအနေနှင့်
တွေ့ဆုံမည့် အခြေအနေကို အတိအကျ ပြောကြား မရသေးကြောင်း ဦးရဲထွဋ်က ထပ်လောင်း
ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အဆင်ပြေ ချောမွေ့စွာ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်
လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာရပ်ခံစာ ပို့မည်ဟု
နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ Credit The Voice Weekly
No comments:
Post a Comment