မန္တလေးမြို့
ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုမှ ဂျင်ကလိ အပါအ၀င် တုတ်၊
ဓားလက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ သတင်း ထွက်ပေါ် နေသကဲ့သို့
ဖောက်ခွဲရေးပစ္စည်းများ မပါဝင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။
ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ၂၇x၂၈ ကြား၊ ၈၃x၈၄ ကြား၊ ချမ်းလယ်
ရပ်ကွက်၊ နေအိမ်နှင့် ဂိုဒေါင်တစ်ခုတွင် ဖောက်ခွဲရေး ပစ္စည်းများ
သိမ်းဆည်းထားကြောင်း သတင်းရရှိမှုကြောင့် နိုဝင်ဘာ ၁၉ ရက်က ၀င်ရောက်
ရှာဖွေခဲ့ကြောင်း၊ ထိုသို့ ၀င်ရောက်ရှာဖွေရာတွင် ဂျင်ဂလိလက်နက် ၁၅ ပိသာပါ
ပီနံအိတ် တစ်လုံး၊ နှစ်ခွချွန်ခက်ရင်းခွ ၁၂ ချောင်း၊ လှံတစ်ချောင်း၊
ဓားဦးချွန် ငါးချောင်း၊ ဓာတ်ဆီစိမ်ထားသည့် ပုလင်းကွဲများ၊ သံတိုသံစ၊
ပုလင်းကွဲစများ ထုထောင်းရာတွင် အသုံးပြုသည့် ငရုတ်ဆုံများကိုပါ သိမ်းဆည်း
ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
"မိတ္ထီလာ
ပဋိပက္ခဖြစ်စဉ် ကာလတုန်းက မန္တလေးက ဘာသာခြားတွေအနေနဲ့ စိုးရိမ်မှုနဲ့အတူ
ဖြစ်လာခဲ့ရင် ကာကွယ်လို့ရအောင်ဆိုပြီး ဗလီထဲမှာ ဒီလက်နက်တွေ
သိမ်းထားခဲ့တာပါ။ အားလုံး အခြေအနေတွေ ငြိမ်သက်ပြီးနောက်ပိုင်း လက်နက်တွေကို
ဗလီထဲကရွှေ့ပြီး သူတို့အိမ်ထဲ သိမ်းထားတာကို သတင်းရလို့ ၀င်ရောက်
ရှာဖွေသိမ်းဆည်းခဲ့တာပါ။ သတင်းထွက်နေသလို ဖောက်ခွဲရေးပစ္စည်းဖြစ်တဲ့
ယမ်းကြိုးခွေတွေ ပါတယ်ဆိုတာ မဟုတ်ပါဘူး။ လက်နက် လက်ဝယ်တွေ့ရှိမှုနဲ့ အမှတ်
(၈) ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်"ဟု မန္တလေးတိုင်း
ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

No comments:
Post a Comment