Wednesday, November 20, 2013
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေမှ
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် သည် နိုဝင်ဘာ ၁၉ ရက်က
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲယ်အား ရန်ကုန်မြို့ရှိ
အမေရိကန် သံရုံးသို့ သွားရောက်တွေ့ဆုံကာ လက်ရှိငြိမ်းချမ်းရေး
လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအား ရှင်းပြခဲ့ကြောင်း
သတင်းရရှိသည်။
အဆိုပါ
တွေ့ဆုံမှုမှာ နံနက် ၈ နာရီခွဲမှ စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီဝန်းကျင်
ကြာမြင့်ခဲ့ကြောင်း ကေအိုင်အို အဖွဲ့၏ Technical Advisory Team မှ
ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက The Daily Eleven ၏ မေးမြန်းမှုကို
အတည်ပြုပေးခဲ့သည်။
"သွားတွေ့တာကတော့ သေချာတယ်။ တစ်နာရီလောက်
ကြာပါတယ်။ သွားတွေ့တယ် ဆိုတဲ့ဟာက လက်ရှိကြိုးစားနေတဲ့ Peace Process နဲ့
ပတ်သက်ပြီး Update လုပ်တဲ့ သဘောပဲ ရှိတယ်။ တစ်ဖက်မှာတော့ သံတမန်
ကိစ္စတွေဆိုတော့စည်းမျဉ်းစည်းကမ်းတွေ ကို လေးစားသော အားဖြင့် ဒီလောက်ပဲ ပြောလို့ရပါတယ်" ဟု ဦးဒေါင်ခါးက ဆိုသည်။
ဗိုလ်ချုပ်ဂွမ်မော်သည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ၏ ဆွေးနွေးပွဲ တက်ရောက်ရန်
နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့သို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်
ရောက်ရှိနေခြင်းဖြစ်ပြီး ရန်ကုန်မှတစ်ဆင့် ထိုင်းသို့
သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်သို့
ရောက်ရှိနေစဉ် ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံပြီး
လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မြစ်ဆုံဆည် တည်ဆောက်မှုနှင့်
ပတ်သက်ပြီး ကေအိုင်အို အဖွဲ့၏ သဘောထားများ၊ အစိုးရနှင့် ကေအိုင်အေ
တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် တိုက်ပွဲများကြောင့်
နေရပ်စွန့်ခွာ ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များ၏ အခြေအနေများ၊ တိုင်းရင်းသား
အရေးနှင့် ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားရှိနိုင်သည့်
သဘောထားအပေါ် ၎င်း၏အမြင်များအား ရှင်းပြခဲ့သည်။
"ပထမ အနေနဲ့
တိုင်းရင်းသား အရေးမှာ ဒေါ်စုက ထုတ်မပြောသော်လည်း သူ့ဆီမှာ စီမံချက်တွေ
စဉ်းစားထားတာတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့
တစ်ချိန်ချိန်မှာ ပြောသင့်တဲ့ အချိန်မှာ ပြောလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဟု ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment