Pages

Tuesday, November 19, 2013

ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒပြုသူနှစ်ဦးကို စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း Wednesday, November 20, 2013

၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က စီတန်းလှည့်လည်ကာ ဆန္ဒပြုခဲ့ကြသူများထဲမှ ပုဒ်မ ၁၈ဖြင့် တရားစွဲဆို ခံထားရသူ နှစ်ဦးကို ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း လာမည့်တစ်ပတ်သို့ ပြောင်းလဲချိန်းဆိုခဲ့သည်ဟု တရားစွဲဆိုခံထားရသည့် ကာယကံရှင်များက မဇ္ဈိမကို ပြောသည်။

စီရင်ချက်ချမည့်နေ့ ကို ကြိုတင်အကြောင်းကြားချိန်းဆိုထားခဲ့ပြီးမှ နိုဝင်ဘာ ၂၆ရက် နံနက် ၁၀နာရီသို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

“မြို့နယ်နှစ်မြို့နယ် စီရင်ချက်ရေးဆွဲရမှာကို တစ်မြို့နယ်ပဲ ရေးဆွဲပြီးသေးတဲ့အတွက် ဒီနေ့စီရင်ချက်မချဖြစ်ဘဲ ရွေ့ဆိုင်းလိုက်တယ်လို့ တရားသူကြီး ကပြောပါတယ်”ဟု မမေစံပယ်ဖြူ က ဆိုသည်။

၂၀၁၂ခုစ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ကချင်စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် စီတန်းလှည့်လည်ရန် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မပေးခဲ့ဘဲ ဦးဆောင်ဆန္ဒပြခဲ့သူအချို့ကို ပုဒ်မ ၁၈ဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံထားရသူများ၏ အမှုလိုက်ရှေ့နေ ဦးအောင်မျိုးဦးက“မြို့နယ် နှစ်မြို့နယ်ကိုဖြတ်ပြီး လမ်းလျှောက်တဲ့အတွက် သက်ဆိုင်ရာရဲစခန်းနှစ်ခုက တရားစွဲဆိုထားပြီး တရားရုံးနှစ်ခုက စီရင်ချက်ချမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကိုဂျော်ဂွန်းကမူ ယင်းသို့ဆန္ဒဖော်ထုတ်ခဲ့သူများကို တရားစွဲဆိုခြင်းအပေါ် ပြည်သူနှင့်ငြိမ်းချမ်းရေး မသက် ဆိုင်၍လောဟု မေးခွန်းထုတ်ခဲ့သည်။ “ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်လမ်းလျှောက်တဲ့အတွက် တရားစွဲဆိုခံရတာဟာ ပြည်သူတွေနဲ့ငြိမ်းချမ်းရေးနဲ့ မသက်ဆိုင်ဘူးလား၊ ငြိမ်းချမ်းရေးကို အစိုးရကပဲ လုပ်လို့ရသလား မေးစရာပါ”ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က တရားစွဲဆိုခံရချိန်မှစ၍ အမှုစစ်ဆေးရန် တရားရုံးများက အကြိမ် ၁၃၀ခန့် ချိန်းဆိုခဲ့သည်။ လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေပြီး ယင်းအတိုင်း အတည်ပြုနိုင်ပါက ပုဒ်မ ၁၈ကဲ့သို့သော ပြဋ္ဌာန်းချက်မျိုး ပါဝင်တော့မည်မဟုတ်ပေ။ သို့သော် အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်တွင်း ဆွေးနွေးစဉ် မူလဥပဒေပါ ပုဒ်မ ၁၈ကို ပယ်ဖျက်ရန် မသင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မှတ်ချက်ပြုခဲ့သည်။


Mizzima - News in Burmese

No comments:

Post a Comment